CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၀

မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန် နယ်စပ်ဂိတ်မှ တစ်ဆင့်ပို့ကုန် သွင်းကုန်လိုင်စင် ခွင့်ပြုချက် ရရှိပြီးသား ပစ္စည်းများကို အခြားဂိတ်များမှ ပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် နယ်စပ်မှ တင်ပို့ရန် ပို့ကုန်လိုင်စင်ခွင့်ပြုချက်ရရှိ‌ပြီးသောပစ္စည်းများအား မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ် ရှိ အခြားမည်သည့် ကုန်သွယ်ရေးစခန်းမှမဆို ပြောင်းလဲတင်ပို့ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ထို့အပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါကလည်း ပြောင်းလဲခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်-လိုင်းရင်း ကုန်သွယ်ဂိတ် (ဓါတ်ပုံ- Soe Tun)

သို့သော် မြန်မာဘက်မှ ပို့ကုန်များအား အခြားနယ်စပ်လမ်းကြောင်းများမှ တင်ပို့ပါက အကွာအဝေး ပိုများကာ အချိန်ကြန့်ကြာမှု ပိုမိုရှိနိုင်သဖြင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်နှင့် မိုင်းလားတို့ဘက်မှသာ ကုန်သွယ်ကြမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“ဗမာပြည်က အဓိကထားကုန်သွယ်နေတာက ယူနန်ကို။ ယူနန်ကြတော့ ဟိုဘက်ကပင်လယ်ရေကြောင်းက သွားရင် အဓိက တအားဝေးတယ် ယူနန်ဘက်က။ ဆိုတော့ ယူနန်က အနီးစပ်ဆုံးကတော့ မြန်မာပြည်က ကုန်းတွင်းလမ်းကြောင်းပေါ့။ တခြားပြည်နယ်တွေက ဒီလောက်ကြီး ဗမာပြည်ကကုန်တွေကို စားနေတာ မဟုတ်ဘူး။ ယူနန်ပြည်ဆိုတာကလည်း ဗမာပြည် တစ်ပြည်လောက်ရှိတာကို။ ယူနန်ပြည်နယ်ရဲ့လိုအပ်ချက်ကို ဗမာပြည်နယ်က ဖြည့်နေတာဆိုတော့ ပင်လယ်ရေကြောင်းက သွားရင်တော့ တရုတ်နယ်စပ် ကုန်သွယ်ရေးက နည်းနည်း အလှမ်းဝေးတာပေါ့နော်။ ပုံမှန်သွားတဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု Trade ကတော့ ရှိနေမယ်။ စရိတ်ပေါ့နော် သယ်ယူပို့ဆောင်ရေးစရိတ်က ၁၀၅ မိုင်မူဆယ်က တခြားဂိတ်ထက်စာရင် သက်သာတယ်။ ပိုပြီး တော့မှ volume ကြီးကြီး လုပ်လို့ရတယ်။ လွယ်ဂျယ်တို့ဘာတို့က လုပ်လို့မရဘူးမဟုတ်ဘူး ရတယ်။ ဒါပေမယ့် volume ကြီးကြီးမားမား သွားဖို့ နည်းနည်းအခက်အခဲရှိတယ် အဟန့်အတားရှိတယ်ပေ့ါ။ ကုန်ကျစရိတ်တွေ တိုးလာတယ်။ ကုန်ကျစရိတ်ပိုလာရင် စားသုံးသူဆီကိုပဲလာမှာပေါ့ ကုန်ဈေးနှုန်းတွေ တက်လာမှာပေါ့။ အဲဒီ impact တွေ ရှိလာနိုင်တယ်လို့တော့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

နမ့်ခမ်း-လွယ်ဂျယ်-ဗန်းမော် ကုန်သွယ်ရေးလမ်းကြောင်း

မြန်မာ-တရုတ်နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပမာဏသည် တစ်ရက်လျှင် ကျပ်ငွေ သန်းပေါင်း ၃၀၀ ခန့်အထိ ပျမ်းမျှ ရရှိနေခြင်းဖြစ်သည့်အတွက် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်သွယ်မှုပမာဏ အများအပြား ဆုံးရှုံးသွားနိုင်ကြောင်းလည်း ယူဆကြသည်။

ထို့အပြင် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပစ္စည်းများအား အခြားနယ်စပ်ဂိတ်စခန်းများမှ ခွင့်ပြုပေးထားပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းပေါ်မူတည်၍ စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထိုသို့ အခြားလမ်းများမှ တင်ပို့ခွင့်ပြုမှုအပေါ် ကြိုဆို သော်လည်း ယခုထက် စောစီးစွာ ကြိုတင်ပြင်ဆင်ထုတ်ပြန်နိုင်ပါက ကုန်သည်များ အဆင်သင့်ပြင်ဆင် ထားနိုင်မှာဖြစ်ကြောင်း ကုန်သည်များက အကြံပြုသည်။

လက်ရှိတွင် ဖရဲတင်ပို့သူများအနေဖြင့် လွယ်ဂျယ်နှင့် မိုင်းလားဂိတ်တို့မှ တင်ပို့နေခြင်းဖြစ်ပြီး လွယ်ဂျယ်ဂိတ်သို့ ဗန်းမော်လမ်းကြောင်းမှ ကားအပြောင်းအလဲပြုလုပ်၍ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ကုန်တင်ကားများအား တွေ့ရစဉ်

ဖရဲကုန်သည် ကိုသစ္စာက“တရုတ်ပြည်ထဲကိုတော့ ကားဝင်ချလို့မရဘူး မိုင်းလားကတော့။ ကျနော်တို့ မိုင်းလား မှာတင် ကားရပ်ပြီးတော့ တရုတ်ကားနဲ့ ကဲ့ရမှာပေါ့နော်။ လွယ်ဂျယ်ဘက်မှာတော့ ဝင်လို့ရတယ်။ လွယ်ဂျယ်ကို တိုက်ရိုက်သွားတဲ့ ကားလည်း မရှိဘူးလေ။ အခုတင်တဲ့ဆီကနေ ဗန်းမော်၊ ဗန်းမော် ကနေ လွယ်ဂျယ်ကား ပြန်ချိန်းရတာပဲလေ။ လက်ရှိအနေထားကတော့ ကုန်ကျစရိတ် မြင့်တာတော့ မှန်တယ်။ လွယ်ဂျယ်ကပဲ သွားသွား၊ မိုင်းလားကိုပဲ သွားသွား ကုန်ကျစရိတ်တွေ မြင့်တာတော့ မှန်တယ်။ သို့ပေမယ့်လည်း တရုတ်ပြည်ရဲ့ လက်ရှိ ဈေးကွက်ကလည်း အခု ကုန်ကျစရိတ်ကို ကာမိတယ်ပေါ့။ ပြောချင်တာက တရုတ်သည် ဘယ်တော့မှ သူများကို ကိုယ်ချင်းစာတယ်ဆိုတာတော့ မရှိဘူးလေ။ demand အရပဲလေ။ လိုအပ်ချက်ကြောင့် သူတို့ ဈေးမြင့်ပြီး တက် လာတာ။ ကိုယ့်ကို သနားလို့ သူတို့က ဈေးပေးတာမဟုတ်ဘူး။ သူတို့ရဲ့လိုအပ်ချက်ကြောင့် ဈေးမြင့်ပေးတာ။ ဖရဲက လက်ရှိ လွယ်ဂျယ်မှာ ၈ ကျပ်လောက်ဖြစ်နေတယ်။ 

တစ်တန်ကို ယွမ် ၈၀၀၀(မြန်မာငွေ သိန်း ၂၀ ကျော်) လောက် ဖြစ်နေတယ်” ဟု ပြောသည်။

တရုတ်ဘက်မှသွင်းသည့် ကုန်ပစ္စည်းများသည် ပျက်စီးပုပ်သိုးလွယ်မဟုတ်သည့် ဆောက်လုပ်ရေးနှင့် အခြား ပစ္စည်းများဖြစ်သောကြောင့် လမ်းပိုင်းကြန့်ကြာမှုရှိပါက ထိခိုက်မှုနည်းပြီး မြန်မာဘက်မှတင်ပို့သည့် ကုန်ပစ္စည်း များမှာ ပျက်စီးပုပ်သိုးလွယ်သော စားသောက်ကုန်နှင့် သီးနှံများဖြစ်သဖြင့်ထိခိုက်ကြောင်းလည်း စီးပွားရေး လေ့လာသုံးသပ်သူနှင့် ကုန်သွယ်မှုပြုလုပ်နေသူများက ထောက်ပြကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရှမ်းပြည်နယ် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမ ကြီး တစ်လျှောက်ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်‌ရေးကြောင့် ကုန်သွယ်ရေးမှာ လည်း ရပ်တန့်လုနီးပါးဖြစ်နေကြောင်း သိရသည်။