CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေခြင်းကြောင့် မူဆယ်မြို့(ရှမ်းမြောက်)တွင် ကုန်ဈေးနှုန်းများ တဖြေးဖြေး ကြီးမြင့်လာသော်လည်း ပရဟိတအသင်းများ၏ ကူညီမှုများကြောင့် အခြေခံလူတန်းစားများအတွက် အဆင်ပြေကြောင်း သိရသည်။

မူဆယ်မြို့ရှိ ပရဟိတအသင်းများသည် အခြေခံ စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် အခြေခံ လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်ရန် မူရင်းဈေးနှုန်းထက် လျှော့ချ၍ ရောင်းချပေးနေကြောင်း ပရဟိတအသင်း များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ပရဟိတအသင်းများအတွက် အလှူရှင်မှာ နည်းပါးပြီး အများစုသည် ကိုယ်ထူကိုယ်ထဖြင့် ကူညီ ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း နှလုံးလှ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြေတယ်ဆိုပေမယ့် တချို့ကြ‌တော့လည်း သူတို့ ဈေးသက်သာစွာ ရောင်းတဲ့နေရာကို လာဖို့အတွက်က ဆီဖိုး တော်တော်ထိတယ်လေ။ အဲဒါကြောင့် မလာတော့ဘူးလေ။ ကိုယ့်အိမ်ရှေ့မှာလာပြီးတော့ ဆိုင်ကယ်နဲ့ လာရောင်းတဲ့ ‌ဈေးသည်တွေဆီကပဲ ဝယ်စားကြတာပေါ့။ ဈေးနှုန်းကတော့ ဘာတစ်ခုမှ မကျဘူး တက်တာပဲ ရှိတယ်။ ကြက်ဥတော့ နည်းနည်းငြိမ်သွားတာပေါ့။ ကြက်ဥတွေ ဈေးကောင်းတယ်ပြောတော့ ဒီဘက်က စီးပွားရေး သမားတွေက တရုတ်ပြည်က ကြက်ဥတွေ ဒီဘက်ကိုအများကြီး သွင်း၊ တစ်ယောက်- နှစ်ယောက်- သုံးယောက် နောက် အများကြီးသွင်းလိုက်တော့ အရင်ကလောက်တော့ သုံး၊ လေး သောင်းတော့ မရှိတော့ဘူးပေါ့။ အခြေခံ လူတန်းစားတွေက တော်တော်ဒုက္ခရောက်တာပေါ့။ လိုအပ်တဲ့သူဝယ်ပေါ့ မလိုအပ်တဲ့သူ မဝယ်နဲ့ပေါ့။ မူဆယ်မြို့ မှာတော့ ဆိုင်ကယ်ဈေးသည်တွေက ရပ်ကွက်တိုင်း ရောက်တယ်လေ။ တချို့ကြတော့လည်း သူတို့ရောင်းတဲ့ဟာ ဈေးသက်သာတယ်။ ဒါပေမယ့် လာရမှာ ဆိုင်ကယ်ဆီဖိုးနဲ့က ဆိုင်ကယ် ဆီဖိုးကလည်း အရမ်းကို ဈေးကြီးတာ လေ”ဟု ပြောသည်။

မူဆယ်မြို့နယ်က ပရဟတိအသင်းများက ကုန်စိမ်းများ ရောင်းပေးနေစဉ်

ညီနောင်မဟာမိတ် ၃ ဖွဲ့(AA-MNDAA-TNLA)နှင့် မြန်မာ့တပ်မတော်တို့၏ ရှမ်း‌မြောက်တိုက်ပွဲကြောင့် မူဆယ်မြို့ တွင် ဆန်ကြမ်းတစ်အိတ်လျှင် တစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်သွားသလို ကြက်ဥတစ်ကဒ်လျှင်လည်း ကျပ်ငွေ နှစ်သောင်း၊ သုံးသောင်းခန့်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း မူဆယ်ဒေသခံများထံက သိရသည်။

ယခုကဲ့သို့ ကုန်ဈေးနှုန်း မြင့်တက်နေချိန်တွင် ငွေကြေးတတ်နိုင်သူများက ဆန်အိတ် အများအပြား ဝယ်ယူကာ အိမ်ထဲ၌ လှောင်ထားကြသည်များလည်း ရှိကြောင်း၊ အချို့ဆန်ဆိုင်များမှာမူ လာဝယ်သူတစ်ဦးလျှင် ဆန် ၆ ပြည် ခန့်စီသာ ညီတူမျှတူ ရောင်းချပေးခြင်းများလည်း ရှိကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့အခြေစိုက် ကမ်းလက်ကူညီ ပရဟိတအသင်းမှလည်း ဆန် ၂၄ ပြည် တစ်အိတ် ၉၆၀၀၀ ကျပ်၊ အာလူးတစ်ပိသာ ၁၂၀၀ ကျပ်၊ အာလူးအနီ တစ်ပိသာ ၂၀၀၀ ကျပ်၊ ခရမ်းချဉ် တစ်ပိသာ ၃၀၀၀ ကျပ်၊ ဆန် တစ်ပြည် ၄၀၀၀ ကျပ်ဖြင့် အခြေခံလူတန်းစားများအတွက် ရောင်းချပေးနေလျက်ရှိသည်။

ထို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သော်လည်း အခြေခံလူတန်းစားများအတွက်  အခြေအနေ အတိုင်းအတာတစ်ခု အထိ ထိန်းထားနိုင်ကြောင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ်မြို့နယ်က ပရဟတိအသင်းများက ကုန်စိမ်းများ ရောင်းပေးနေစဉ်

၎င်းက “မူဆယ်မြို့ပေါ်က တိုက်ပွဲမရှိသေးတော့ ပုံမှန် အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ကုန်ဈေးနှုန်း လည်း ကျနော်တို့အသင်းက ဆန်ကို အိတ်လိုက် ရောင်းပေးတယ်။ ဆန်တစ်ပြည်လေးထောင်၊ ကြက်ဥတစ်ကဒ် ဆိုလည်း အရင်က ၂ သောင်းကို ၉ ထောင်နဲ့ ရောင်းပေးနေတယ်။ ဒီကုန်ဈေးနှုန်းလည်း ထိန်းထားနိုင်တဲ့အတွက် ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး။ အဓိကကတော့ ဆက်သွယ်ရေးပေါ့ ဖုန်းလိုင်းတွေတော့ ပြတ်တာပေါ့။ မူဆယ်ကတော့ တိုက်ပွဲဘာညာ မရှိပါဘူး။ မူဆယ်မြို့ပေါ်ကတော့ စိုးရိမ်စိတ်နဲ့ကလွဲလို့ တိုက်ပွဲ ဘာညာ မရှိပါ ဘူး။ အခက်အခဲကတော့ မူဆယ်မှာ ပိတ်မိနေတဲ့သူတွေ နေရပ်ပြန်ချင်တာရှိတယ်။ မူဆယ်ကို ပြန်လာမယ့် သူ တွေလည်း လမ်းမှာ ပိတ်မိနေတာရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ သိန္နီ၊ မူဆယ်၊ မုံးကိုး၊ ချင်းရွှေဟော်၊ နောင်ချို၊ လားရှိုး စသည့် မြို့နယ်များရှိ မြန်မာ့တပ်မတော်စခန်းများ၊ ရဲစခန်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၊ တိုးဂိတ်များကို မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံဦးရေမှာ သောင်းနှင့်ချီ ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။