CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၉

ပို့ကုန်အခြေပြုသည့် အရန်ဆန်ထားရှိရေးစနစ်ကြောင့် ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္မဏီများအနေဖြင့် ပို့ကုန်လိုင်စင် လျှောက်ထားသည့် ဆန်တန်ချိန်အပေါ် အရန်ဆန်အဖြစ် ၃ တန်လျှင် ၁ အိတ်နှုန်းဖြင့် ပေးသွင်းရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်များတွင် ပြည်ပသို့ တင်ပို့မည့် ဆန်တန်ချိန်အပေါ် အရန်ဆန်အဖြစ် ၁ တန်လျှင် ၁ အိတ်နှုန်းဖြင့် ကောက်ခံခဲ့သော်လည်း လက်ရှိတွင် ဆန်စပါးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ပြီး ပြည်တွင်းဆန်လိုအပ်ချက် မရှိခြင်းနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် ၁ တန်လျှင် ၁ အိတ်နှုန်းဖြင့် ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္မဏီများထံမှ ဝယ်ယူကောက်ခံခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က CNI သတင်းဌာနသို့ ပြောသည်။

“အရန်ဆန်ဆိုတာက အရင်တုန်းက ကျနော်တို့က ၁ တန် ၁ အိတ် ကောက်တယ်။ အခု ၃ တန် ၁ အိတ်ဆိုတာ လျှော့လိုက်တာ။ လျှော့ပြီးတော့ စပါးအသစ်ပေါ်တဲ့ရာသီ၊ Export ရာသီမို့လို့၊ ဆန်လည်း လိုအပ်ချက်မရှိလို့လေ။ အရန်ဆန်ကို အများကြီးကောက်တာ၊ သူက Export ကို အရန်ဆန်ကို Reserve ထားတာပေါ့နော်။ ဒါကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဒါကတော့ နှစ်စဉ် တကယ်လို့ ဆန်ဈေး တက်လာတဲ့အချိန်မှာ အခြေခံ လုပ်သား တွေ၊ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေကို သက်သက်သာသာနဲ့ ရောင်းနိုင်ဖို့ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ အစီအစဉ်ပေါ့လေ” ဟု ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် အရန်ဆန်၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်သိုလှောင်ရုံဆီ တစ်ပတ် အတွင်း ပို့ဆောင်ရမည်ဖြစ်ပြီး ကျန်ရှိသည့် အရန်ဆန် ၇၅ ရာခိုင်နှုန်းကို စာရင်းမှတ်စနစ်ဖြင့် ထားရှိပြီး လိုအပ် သည့်အချိန်တွင် ကောက်ခံသွားမည်ဖြစ်သည်ဟု သိရသည်။

ဆန်ဂိုထောင်တစ်ခုထဲသို့ ဆန်အိတ်များ သယ်ပို့ပြီးနေရာချနေစဉ်

ပေးသွင်းထားသည့် အရန်ဆန် ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် အရန်ဆန်တစ်အိတ်ဈေးနှုန်းသည် လက်ရှိ နိုဝင်ဘာလအတွက် တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ဖြင့် သတ်မှတ်ပြီး ဝယ်ယူသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အရန်ဆန်များကို ဈေးနှုန်းမြင့်တက်ချိန်တွင် သက်သာစွာ ရောင်းချ ပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီဆောင်ရွက်နိုင်ရန် အရန်ဆန်ကို စုဆောင်း သည့်သဘောဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

“ကျနော်တို့က MRF ရဲ့ အရန်ဆန်ထားထားတယ်။ ဟိုတစ်ခါ ဈေးတက်လို့ တစ်ပြည် ၂၅၀၀ ရောင်းပေးတဲ့ သဘောမျိုးတွေပေါ့။ အဲဒီအတွက်ကို ကျနော်တို့ MRF မှာ အရန်ဆန်ရှိတယ်။ အဲဒီအရန်ဆန်ကို MRF က စုဆောင်းထားတာပေါ့။ အရင်ကတော့ ၁ တန်ကို ၁ အိတ် ရောင်းပေးရပါတယ်။ ဈေးနှုန်းကတော့ ကာလ ပေါက်ဈေးတွေနဲ့ ညှိညှိပြီး ဝယ်တာပါ။ ကျနော်တို့က တစ်ခါတလေကျ ဆန်ဈေးအရမ်းတက်တဲ့အခါကျရင် ကျနော်တို့ ဆိုင်တွေကို ပြန်ပြီးတော့ ဖြန့်ရောင်းရတဲ့အခါကျရင် ဆန် ကျနော်တို့လက်ထဲမှာ ရှိအောင်လို့။ မဟုတ်ရင် အဲဒီအချိန်ကျမှ ကျနော်တို့က ဆန်ကို လိုက်ဝယ်ဖို့က ဈေးထပ်တက်သွားရုံပဲ ရှိတယ်လေ” ဟု ပြောသည်။

ပြည်ပသို့ ဆန်တင်ပို့နိုင်မှု များပြားပါက တောင်သူများမှ ထုတ်လုပ်သည့် စပါးများ ဈေးကောင်းရကြောင်း၊ သို့သော်လည်း အရန်ဆန်သိုလှောင်မှုကို လျှော့ချပြီး ပြည်ပတင်ပို့မှုနှုန်း များလာပါက တစ်စုံတရာသော အကြောင်းများကြောင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် လိုအပ်ချက်များ ဖြစ်ပေါ်လာချိန်တွင် ဆန်ဈေးကွက်ကို ထိန်းချုပ်ရန်အတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထို့ကြောင့် အရန်ဆန်များကို ပို့ကုန်အခြေပြုသည့် အရန်ဆန် ထားရှိရေးစနစ်ဖြင့်မဟုတ်ဘဲ လိုအပ်သည့် အရန်ဆန်များကို တပြိုင်နက်တည်း ကြိုတင်ဝယ်ယူထားသည့်ပုံစံဖြင့် လုပ်ဆောင်ထားသင့်ကြောင်း တောင်သူများနှင့် ကုန်သည်များက ထောက်ပြကြသည်။