CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲကြောင့် မန့်ဝိန်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် စသည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်များသည် ကုန်သွယ်မှု ရပ်တန့်နေရခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၅၀ ရာခိုင်နှုန်း ထိခိုက်သွားကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများနှင့် နယ်စပ်ကုန်သည်များ က ပြောသည်။

လက်ရှိတွင် မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း(ပြည်ထောင်စုလမ်းမကြီး)သည် တိုက်ပွဲများကြောင့် ရပ်တန့်သွားခြင်းကြောင့် တောင်သူများအတွက် ပို၍ အခက်အခဲ ဖြစ်သွားကြောင်း၊ ထို့နောက် ကုန်စည်စီးဆင်းမှု လမ်းကြောင်း ပြတ်တောက်နေခြင်းကြောင့် ထိုဒေသများရှိ ဒေသခံလူထု၏ စားဝတ်နေရေးသည်လည်း ခက်ခဲသွား မည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ လယ်ယာထွက် သီးနှံများကို အဓိက တင်ပို့လျက်ရှိသလို ကျွဲ-နွားများလည်း တင်ပို့လျက်ရှိသည်။

ပြည်သူ့စစ်တပ်ဖွဲ့ကိုတွေ့ရစဉ်

ဦးသက်ဇော်က  “တိုက်ပွဲကြောင့် မြန်မာနိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းလောက် စီးပွားရေးကတော့ ထိခိုက်သွားတယ်လို့ ဆရာတို့ သုံးသပ်တယ်။ ဘာလို့လဲဆိုတော့ အဓိက သွားနေတဲ့ လမ်းကြောင်းသည် နောက်ပြီးတော့ တရုတ်ပြည်က လာမယ့် အနေအထားတွေ အများကြီး ရပ်တန့်သွားတယ်ပေါ့နော်။ ရပ်တန့်သွားတဲ့ အတွက်ကြောင့်မို့လို့ နယ်စပ် ကုန်သွယ်ရေးက ဘီလီယံနဲ့ ချီပြီးတော့ နစ်နာတယ်။ ဟိုဘက်က ကုန်စည်လည်း မလာနိုင်သလို ဒီဘက်က ကုန်စည်လည်း မပို့နိုင်ဘူးပေါ့နော်။ အဓိကတော့ စိုက်ပျိုးရေး ထွက်ကုန်ဆိုတာက ရာသီနဲ့ ပို့ရတာကိုး ကိုယ့်ဘက် က ပို့တဲ့ပစ္စည်းတွေက။ မပို့နိုင်ရင် stop လုပ်ထားလို့ မရဘူး ပျက်ကုန်မယ်။ 

တောင်သူတွေရဲ့ အခက်အခဲတွေ လည်း အများကြီး ရှိတယ်။ နယ်မြေဒေသ လူဦးရေတွေရဲ့ စားဝတ်နေရေး တော်တော် ခက်ခဲသွားမယ်။ ဒါကြောင့် မို့လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး နလန်ထူအောင်လို့တော့ ပြန်ပြီး တော်တော်လေး လုပ်ယူရမယ်။ နလန်ထူနိုင်ဖို့ အတွက်ကလည်း တိုက်ပွဲတွေ အမြန်ဆုံးပြီးအောင်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာအောင် တတ်နိုင်သမျှ အစိုးရအနေနဲ့တော့ အမြန်ဆုံး ဆောင်ရွက်သင့်တယ်လို့ပဲ မြင်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်များကို တရုတ်သို့  လတ်တလောတွင် တင်ပို့နိုင်ခြင်း မရှိပေ။

ထို့နောက် သစ်သီးကုန်သည်များသည် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်ပေါက်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားနယ်စပ်မှတဆင့် တင်ပို့မှုများ လုပ်ဆောင်နေရသည်။

ယခင်က ကျင်စန်းကျော့မှတဆင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ကုန်ကျစရိတ်သည် ကုန်တင်ကားတစ်စီး လျှင် မြန်မာကျပ်ငွေ သိန်း ၆၀ ကျပ်ခန့်သာ ကုန်ကျသော်လည်း လက်ရှိ၌ ကုန်ကျစရိတ်သည် သိန်း ၁၀၀ ခန့် ဖြစ် ပေါ်နေသည်ဟု ဖရဲကုန်သည် ကိုသစ္စာက CNI သတင်းဌာနသို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေး လုပ်နေသူ တစ်ဦးကိုတွေ့ရစဉ်

၎င်းက “အခုလက်ရှိ အစ်ကိုတို့ သွားနေတာက လွယ်ဂျယ်နဲ့ ရွှေတြိဂံ မိုင်းလားပေါ့နော်။ လွယ်ဂျယ်ဘက်ကိုလည်း သွားတယ်။ မိုင်းလားဘက်ကိုလည်း သွားတယ်။ သို့ပေမယ့်လို့ ကုန်ကျစရိတ်တွေကတော့ မြင့်တာပေါ့နော်။ အရင် ကထက်စာလို့ရှိရင် ကုန်ကျစရိတ်တွေက ၂ ဆ၊ ၃ ဆမက မြင့်သွားတယ်။ ကုန်ကျစရိတ်က ပုံမှန် ကျင်စန်းကျော့ ကနေ ဝမ်တိန်ကွင်းကို သွားရင် ကုန်ကျစရိတ်က သိန်း ၆၀ လောက်ရှိတယ်။ အခုဟာက ကားခတင်ကို သီပေါပေါ့ နော် ရှမ်းအသီး ဖရဲကို တင်မယ်ဆိုရင် သီပေါကနေ ရှမ်းမြောက်ကနေပြီးတော့ ရှမ်းတောင်၊ ရှမ်းအရှေ့ကို ဖြတ် မယ်။ အဲဒီကားခတင်ကို သိန်း ၅၀။ ဘာမှမပါဘဲနဲ့ ကားခကြီးပဲကို သိန်း ၅၀။ ဂျူတီက တရုတ်ငွေ ၄၀၀ ရှိတယ်။ တခြားသော ခတွေနဲ့ဆို သိန်း ၁၀၀ ကျော်လောက် ကုန်သွားမယ်” ဟု ပြောသည်။

လွယ်ဂျယ်နှင့် မိုင်းလား နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်တင်ပို့မှုသည် သစ်သီးကုန်စည်များသာရှိပြီး တခြားသော ဆန်၊ ပြောင်း၊ ပဲမျိုးစုံ၊ ရေထွက်ကုန်ပစ္စည်းများသည် တင်ပို့၍ မရကြောင်း၊ ထို့ကြောင့် သစ်သီး ကုန်စည်များမှလွဲ၍ တခြားသော ကုန်စည်တင်ပို့မှုသည် ရပ်တန့်လျက် ရှိသည်။

သစ်သီးများ တင်ပို့မှုရှိသော်လည်း ယခင်ထက် လမ်းကြောင်း အကွာအဝေး ရှည်ခြင်းနှင့် ယခင်ထက် ကြာမြင့် ခြင်းကြောင့် သစ်သီးဝလံများ အရည်အသွေးကျဆင်းပြီး ပျက်စီးဆုံးရှုူံးမှု ပိုများသည်ဟု သိရသည်။

သို့သော်လည်း တရုတ်နိုင်ငံမှ သစ်သီးဝလံ လိုအပ်ချက်ကြောင့် တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သည့်အတွက် ကုန်သည်များအနေဖြင့် အကျိုးအမြတ် ရရှိနေသည်ဟု ကုန်သည်များက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား နေမှုကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်၍ မန့်ဝိန်း၊ ကျင်စန်းကျော့နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးသည် ရပ်နားထားရသည်။