CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်၊ မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSP P/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

RCSS သည် လဲချား- မိုင်းနောင် ကားလမ်း၏ အရှေ့ဘက်တွင် လှုပ်ရှားနေပြီး SSPP ကမူ ကားလမ်း၏ အနောက်ဘက်၌ လှုပ်ရှားလျက်ရှိသည်။

SSPP က “ စက်တင်ဘာ ၂၁ ရက်နေ့ နံနက် အစောပိုင်းအချိန်မှာ လဲချား- မိုင်းနောင် ကားလမ်းရဲ့ အရှေ့ဘက် မှာ လှုပ်ရှားနေတဲ့ RCSS တပ်ဖွဲ့သည် SSPP/SSA လှုပ်ရှားနေတဲ့ ကားလမ်းရဲ့ အနောက်ဘက်ထဲထိကို အင်အား ၂၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်လာပြီး RCSS ဘက်က စတင်ပစ်ခတ်လို့ နံနက် ၇ နာရီ ၃၀ မိနစ်က နေ ၇ နာရီ ၄၈ မိနစ်အထိ မိုင်းနောင် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သည်”ဟု ထုတ်ပြန်ခဲ့သည်။

SSPP ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထို့နောက် RCSS သည် မိုင်းနောင်-လဲချား ကားလမ်း၏ အရှေ့ဘက်သို့ ပြန်ဆုတ်သွား၍ တိုက်ပွဲပြန်ငြိမ်သွား ကြောင်း၊ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် သေဆုံးမှုမရှိကြောင်း SSPP က ထုတ်ပြန်ခဲ့သည်။

SSPP သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၇ ရက်နှင့် ၂၀ ရက်နေ့များက မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ယနေ့အထိ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

SSPP သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယအကြိမ်ကို ယခုလထဲမှာ တွေ့ ဆုံ ဆွေးနွေးမည်ဖြစ်သည်။

SSPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မထိုးရသေးသည့် ရှမ်းလက် နက်ကိုင် အဖွဲ့ဖြစ်ပြီး RCSS ကမူ NCA ထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။