CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၂၁

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါနှင့် အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာဘီစဝါဆာမာတို့သည် ပြည်နယ်နှစ်ခုကြား နယ်နိမိတ်အငြင်းပွားမှု ဖြေရှင်းရန်အတွက် စက်တင်ဘာ ၂၁ ရက် (ယနေ့) နယူးဒေလီ မြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဟိန္ဒူစတန်တိုင်းမ်က ရေးသားဖော်ပြသည်။

အဆိုပါ တွေ့ဆုံမှုကို အစောပိုင်းက စက်တင်ဘာ ၂၆ ရက်နေ့က စီစဉ်ခဲ့သော်လည်း ဘီစဝါဆာမာသည် အာသံ ပြည်နယ်သို့ ပြန်သွားရန် ရှိနေသဖြင့် ယနေ့ တွေ့ဆုံဖို့ အစီအစဉ် ပြောင်းလဲခဲ့ရသည်။

ပြည်နယ်ဝန်ကြီးချုပ် နှစ်ဦးတို့သည် ယမန်နှစ် နိုဝင်ဘာလတွင် နယူးဒေလီသို့ ရောက်ရှိခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အေမစ်ရှားကို သွားရောက်တွေ့ဆုံ၍ အငြင်းပွားမှုများ ဖြေရှင်းရန်အတွက် သက်ဆိုင်သူ များ ပါဝင်သော အစုအဖွဲ့များ ဖွဲ့စည်းလျက် ဝန်ကြီးချုပ်အဆင့် ဆွေးနွေးသွားရန် သဘောတူလက်ခံခဲ့ကြသည်။

 အာသံနဲ့မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်နှစ်ဦး ဆွေးနွေးနေစဉ်

လာမည့်လ၌ ဂူဝါဟတီမြို့တွင် ကျင်းပရန်ရှိသည့် ပြည်နယ်နှစ်ခုကြား ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အဆုံးမသတ် သေးကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ ပြည်ထဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျန်းမာရေး အခြေအနေအရ ခေတ္တအနားယူထားသော မီဇိုရမ်ပြည်ထဲရေးဝန်ကြီး လဲချမ်လီယာနာ တာဝန် ပြန်လည် ထမ်းဆောင်သည့်အခါ အဆိုပါဆွေးနွေးပွဲ ဆက်လက်ပြုလုပ်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

လဲချမ်လီယာနာနှင့် အာသံဝန်ကြီး အက်တူဘိုရာတို့သည် အငြင်းပွားမှုများ ဖြေရှင်းရန်အတွက် ယမန်နှစ် ဩဂုတ် လ၌ ပထမအကြိမ် တွေ့ဆုံခဲ့ကြပြီးနောက် တစ်နှစ်အကြာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၌ အိုင်ဇောလ်မြို့တွင် ထပ်မံတွေ့ဆုံခဲ့ကြသည်။

ပြည်နယ်နှစ်ခု နယ်နိမိတ်မျဉ်းတလျှောက် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် သဘောတူခဲ့ကြပြီး လာမည့် အောက်တိုဘာလတွင် ဂူဝါဟတီမြို့တွင် ထပ်မံတွေ့ဆုံကြရန် ရှိသည်။

ထို့အပြင် အွန်လိုင်းအစည်းအဝေး ၃ ကြိမ် ခေါ်ယူ၍လည်း နှစ်ဘက်စလုံးက စေ့စပ်ညှိနှိုင်းခဲ့ကြပြီးဖြစ်သည်။

Source: The Hindustan Times