CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ထိုင်းရှိ သက်တမ်းပြည့် MOU မြန်မာလုပ်သားများသည် နှစ်နိုင်ငံ နယ်စပ်ဂိတ်/ စခန်းများမှတစ်ဆင့် မြန်မာသို့ U-turn စနစ်ဖြင့် ပြည်လည်ဝင်ရောက်ကြရာတွင် အချို့သည် ၎င်းနယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်ခြင်း မပြု ကြကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်။

ထိုသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုသဖြင့် ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကျော်လွန်နေထိုင်သူ (Over-Stay) အဖြစ် စာရင်းဝင်နေကြကြောင်းလည်း ထုတ်ပြန်ချက် အရ သိရသည်။

ထို့ကြောင့် သက်တမ်းပြည့် MOU သမားများအနေဖြင့် MOU လမ်းကြောင်းနှင့် ထပ်မံပြီး ထိုင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားပါက နှစ်နိုင်ငံ နယ်စပ်ဂိတ်/ စခန်းများမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သင့်ကြောင်း IBECSWO လူမှုကူညီရေးအသင်းမှ မဇ္စျိမ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီဟာကတော့ သူတို့ ဝင်လို့ မရတော့ဘူး။ တရားဝင်လမ်းက မပြန်တဲ့အတွက် ကြားလမ်းကနေပဲ ပြန်သွား တယ်ဆိုတော့ သူတို့က ပြန်ဝင်ပိုင်ခွင့်လည်း မရှိတော့ဘူး။ တရားဝင်လမ်းကြောင်းက သွားတာတော့ ပိုပြီး  ကောင်းတယ်။ ဒါပေမယ့် သူတို့က အကြောင်းကြောင်းကြောင့်ရှိမှာပေါ့။ အဲဒီလိုသွားတဲ့သူတွေက သူတို့ သွားမယ် ဆိုရင် တံဆိပ်က ၁၄၀၀ (ဘတ်) ပေးရတယ် တံဆိပ်ထုတာလေ။ ဒါက ဘယ်လောက်ပဲဖြစ်ဖြစ် ပြန်ဝင်လို့ရတယ် ထိုင်းထဲက။ တချို့ကတော့ နိုင်ငံရေးကိစ္စတွေနဲ့ အရှုပ်အရှင်းရှိတဲ့လူတွေကတော့ သူတို့လမ်းကြောင်းနဲ့သူ ကူးသွားတာတော့ရှိတယ်။ ဒီကနေ စာအုပ်ကုန်လို့သွားတဲ့လူတွေကတော့ ကိစ္စမရှိတော့ဘူး။ ပြဿနာ ဘာမှ မရှိတော့ဘူးလေ။ နောက်တစ်ချက်က မြန်မာပြည်ဝင်တဲ့အခါကြရင် ထိုင်းထဲမှာ အမျိုးတွေ ဘာတွေရှိတယ်ဆိုရင် စာအုပ်တွေ သူတို့ အပ်ထားခဲ့တယ်။ ထိုင်းမှာက ဧည့်စာရင်း ၃ လဆိုတာ ပုံမှန်ပေးနေတဲ့ကိစ္စ။ သူတို့ တခြားလမ်း က ပြန်ဝင်လာတယ် သူငယ်ချင်းဆီမှာ စာအုပ်ပြန်ယူလိုက်တယ်။ ထိုင်းထဲရောက်ရင် ကိစ္စမရှိဘူး မထုထားလည်း ရတယ်။ အဓိကက ဧည့်စာရင်း ၃ လရှိရင်ရပြီ” ဟု ၎င်းက ပြောသည်။

U-Turn စနစ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများ

ထိုင်းသို့ MOU စနစ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားများသည် သတ်မှတ်ကာလပြည့် မြောက်ပါက နှစ်နိုင်ငံ နယ်စပ်ဂိတ်/စခန်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်လည်ဝင်ရောက်ကြရခြင်း ဖြစ်သည်။

၎င်း နယ်စပ်ဂိတ်/စခန်းများသို့ ဖြတ်သန်းချိန်တွင် နိုင်ငံကူးလက်မှတ်၌ အထွက်/အဝင် တံဆိပ်တုံးများကို နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့များမှ ရိုက်နှိပ်ခြင်း၊ စာရင်းပယ်ဖျက်ခြင်းကို ပြုလုပ်ကြသည်။

ထိုသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုကြသည့် မြန်မာလုပ်သားများအနေဖြင့် နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပြန်လည်ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံအဝင်၊ နယ်စပ်ဂိတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးချိန်၌ Over-Stay ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ အရေးယူခြင်း၊ ဝင်ခွင့်ကန့်သတ်ခြင်း စသည် တို့ကို တွေ့ကြုံနေကြရကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “MOU ထဲမှာမှ တော်တော်များများက အထောက်အထား သက်တမ်း တွေ တိုးဖို့အတွက်က နယ်ကလူတွေဆိုရင် ဘန်ကောက်မှာ တက်ပြီးတော့မှ ပတ်စပို့အသစ်လုပ်ဖို့ သက်တမ်းတိုး ဖို့က ခက်တဲ့အခါကြတော့ သူတို့က အလုပ်သမား မှတ်ပုံတင်အသစ်လုပ်တဲ့အချိန်မှာ အဲဒီလိုလုပ်လိုက်ရော။ အဲဒါကြောင့်မို့လို့ ဒီကိန်းကဏန်းတွေက လျော့ကုန်တာပေါ့။ နောက်တစ်ခုကြတော့လည်း အလုပ်ရှင်တွေ ကိုယ်တိုင်ကကို ဒီဟာနဲ့ပတ်သက်ပြီးတော့ အခက်အခဲဖြစ်တဲ့အခါကြတော့ သူတို့က အဲဒီလောက်အထိ မစောင့် နိုင်တော့ဘူး။ မစောင့်နိုင်တဲ့အခါကြတော့ စက်ရုံ၊ အလုပ်ရုံတွေက ပွဲစားတွေနဲ့ပဲ သူတို့က စီစဉ်တာဆိုတော့ အိုခေ ပွဲစားသဘောအတိုင်းဆိုတော့ ပွဲစားက လူသစ် ဘတ်(နေထိုင်လုပ်ကိုင်ခွင့်) တင်လိုက်ဆိုတော့ သူတို့ကလည်း အဲဒီလိုပဲတင်လိုက်တယ်။ အလုပ်သမားတွေမှာ ရွေးချယ်ခွင့်မရှိဘူး။ ခုနက လူသစ်ဘတ်ပဲ လုပ်လိုက်ကြတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် MOU အလုပ်သမားများ သက်တမ်းတိုးရေးအတွက် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန် မလိုအပ်ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။