CNI International News

ပေကျင်း၊ နိုဝင်ဘာ ၈

တရုတ်သည် ပတ်လမ်းရပ်ဝန်း စီမံကိန်း (Belt and Road Initiative - BRI) တွင် အမေရိကန်ဒေါ်လာ ၁ ထရီလျံ ကျော် အကြွေးရရန် ရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခုသီတင်းပတ်အတွင်း ထွက်ပေါ်လာသည့် သတင်းတစ်ရပ်အရ ကြွေးမြီ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် ထိုစီမံကိန်းအား ထောက်ခံသည့် နိုင်ငံများကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုက တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က စတင် အကောင်အထည်ဖော်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကြီးမားကျယ်ပြန့်သည့် အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် BRI တွင် ဥရုဂွေးနိုင်ငံမှအစ သီရိလင်္ကာနိုင်ငံအဆုံး နိုင်ငံပေါင်း ၁၅၀ ခန့် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်ဟု တရုတ်က ပြောသည်။ 

Belt and Road Initiative – BRI စီမံကိန်းအရ အဆောက်အအုံများကို တွေ့ရစဉ်

ထိုစီမံကိန်း၏ ပထမဆယ်စုနှစ်အတွင်း တရုတ်သည် ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများတွင် တံတားများ၊ ဆိပ်ကမ်းများနှင့် အဝေးပြေးလမ်းများ ဆောက်လုပ်ရေးအတွက် ချေးငွေများစွာ ထုတ်ပေးခဲ့သည်။ 

သို့သော် ထိုချေးငွေများထဲမှ ထက်ဝက်ကျော်သည် မူဘောင်အရ အကြွေးပြန်ဆပ်ရမည့်် အချိန်ကာလသို့ ရောက်ရှိ လာခဲ့သည်ဟု ဝီလျံနှင့် မေရီ ဗာဂျီးနီးယား ကောလိပ် (Virginia's College of William and Mary) မှ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသည့််ဌာနမှ သုတေသနအဖွဲ့ဖြစ်သည့် AidData က နိုဝင်ဘာ ၆ ရက်တွင် သတင်း ထုတ်ပြန် ခဲ့သည်။

မြို့ပြ ဖွံ့ဖြိုးမှုကိုတွေ့ရစဉ်

ထိုချေးငွေ ပြန်ဆပ်ရမည့် စုစုပေါင်း ပမာဏသည် ဆယ်စုနှစ်တစ်စု ကုန်ဆုံးချိန်တွင် ၇၅ ရာခိုင်နှုန်းအထိ ရှိလာ လိမ့်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

တရုတ်သည် နိုင်ငံပေါင်း ၁၆၅ နိုင်ငံတွင် စီမံကိန်းပေါင်း ၂၁၀၀၀ ခန့်ကို ငွေကြေးထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာ တော့ တရုတ်သည် ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများကို ဒေါ်လာ ၈၀ ဘီလျံခန့် အကြွေးဆပ် ရန် ဆိုင်းငံ့ပေးခဲ့ကြောင်း AidData က ပြောကြားခဲ့သည်။

အမေရိကန်ကမူ ထိုနိုင်ငံများကို တစ်နှစ်လျင် ဒေါ်လာ ၆၀ ဘီလျံ ထောက်ပံ့ပေးခဲ့သည်။

"တရုတ်ဟာ ကမ္ဘာပေါ်က အကြီးဆုံး မြီရှင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက တရုတ်ကို ပြန်လည် ပေးဆပ်ရမယ့် အကြွေးပမာဏဟာ ဒေါ်လာ ၁ ဒသမ ၁ ထရီလျံထက်မနည်း ရှိခဲ့ပါတယ်" ဟု AidData က ထုတ်ပြန်ခဲ့သည်။

Source: ဘန်ကောက်ပို့စ်