CNI International News

ဘန်ကောက် ၊ နိုဝင်ဘာ ၇

မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာ လျှောက်ထားခနှင့် သက်တမ်းတိုးခ ဈေးနှုန်းများကို နိုဝင်ဘာ ၁၁ ရက်မှစပြီး ဘတ် ၅၀၀ အထိ လျှော့ချပေးသွားမည်ဟု ထိုင်း အလုပ်သမားရေးရာဌာန၏ ယာယီညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင် မိုရက်ကော့စရီဝမ် (Somchai Morakotsriwan) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများအတွက် ဗီဇာခ အပြောင်းအလဲကို အောက်တိုဘာ ၂၇ ရက် နေ့စွဲဖြင့် ထိုင်းနန်းတော်က တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုအမိန့်ပြန်တမ်းသည် နိုဝင်ဘာ ၁၁ ရက်မှစပြီး နောက်ထပ် ၄ နှစ် အထိ အကျုံးဝင် သက်ရောက်မည်ဖြစ်ကြောင်း မစ္စတာ ဆွမ်ချိုင်းက ပြောကြားခဲ့သည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် အလုပ်သမားရေး ပူးပေါင်းဆောင်ရွက်သည့် နားလည်မှု စာချွန်လွှာအရ ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန် (Phiphat Ratchakitprakan) က အဆိုပြုတင်သွင်းခဲ့သည့် ထိုအစီအစဉ်ကို အောက်တိုဘာ ၃ ရက်က အစိုးရအဖွဲ့၏ ကြေညာချက် ထုတ်ပြန်အပြီး တွင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်

နိုဝင်ဘာ ၁၁ ရက်ကစပြီး ဗီဇာတင်သွင်းမှုများကို ဘတ် ၂၀၀၀ မှ ဘတ် ၅၀၀ အထိလျှော့ချပေး သွားမည်ဖြစ်ပြီး ၂ နှစ်အထိ အကျုံးဝင်မည်ဖြစ်သည်။ ဗီဇာသက်တမ်းတိုးခကို ဘတ် ၁၉၀၀ မှ ဘတ် ၅၀၀ အထိ လျှော့ချပြီး ၂ နှစ် သက်တမ်းပေးမည်ဖြစ်သည်။

ထိုကဲ့သို့ ဗီဇာ လျှောက်ထားခနှင့် သက်တမ်းတိုးခများကို လျှော့ချခြင်းသည် အလုပ်သမားများ၏ အသုံးစရိတ်ကို လျှော့ချပေးလိုသည့် ရည်ရွယ်ချက်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ထူထောင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ဆွမ်ချိုင်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်