CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

ပြည်တွင်းရွှေဈေးနှုန်းသည် ပွင့်လင်းရာသီ ရောက်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း လက်ရှိ ရှမ်းပြည် နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲကြောင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်သွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

တိုက်ပွဲမဖြစ်ပွားခင် ၁ ရက်အလို အောက်တိုဘာ ၂၆ ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၃,၃၈၀,၀၀၀ (သုံးဆယ့်သုံးသိန်း ရှစ်သောင်း)ကျပ် ရှိရာမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဈေးနှုန်း တဖြည်းဖြည်း မြင့် တက်လာရာ ယနေ့ (နိုဝင်ဘာ ၇ ရက်နေ့)တွင် ၃,၄၅၀,၀၀၀(သုံးဆယ့်လေးသိန်း ငါးသောင်း)ကျပ်သို့ ရောက်ရှိနေ သည်ကို တွေ့ရသည်။

ရွှေဈေးနှုန်း မြင့်တက်လာရခြင်းသည် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှု ရပ်တန့်နေသည့်အတွက် နယ်စပ် ကုန်သည်များက ရွှေအဝယ်လိုက်လာခြင်းကြောင့် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ရွှေတုံးများကိုတွေ့ရစဉ်

၎င်းက “ရှမ်းမြောက် ကိစ္စပေါ့။ အဓိကက ဘာလဲဆိုတော့ ကုန်သည်တွေက တရုတ်ပြည်ဘက်က ကုန်လမ်း ကြောင်းက ပိတ်သွားပြီလေ။ ပိတ်သွားတော့ သူတို့က စီးပွားရေး ခေါင်းပြောင်းတော့ ဘာလို့ဆို ဒီ case က ဘယ်လောက်ထိ ပြီးမယ်လို့မှ မသိသေးတာ။ ခဏ ယာယီအတွက်ပေါ့နော်၊ အဝယ်ကတော့ လိုက်မှာပဲ။ တရုတ် ပြည် လမ်းကြောင်းတစ်ခုလုံး ပိတ်သွားတာ ဖြစ်တဲ့အတွက် အကုန်လုံး စီးပွားရေး တော်တော်များများက တန့်ကုန် တာ။ ကုန်သည်တွေ အကုန်ထိတဲ့ အတွက်ကြောင့် အဲဒီဘက်လမ်းကြောင်းကို ပြောင်းမှာပဲ။ အစကတည်းက တောင်မှ နိုင်ငံရေး မတည်ငြိမ်လို့ ပုံမှန်ဆို ဒါကျချိန်ပဲ။ အစောကတည်းက ၃၃ လောက်ကို ကျမှာလေ။ မကျချင်လို့ ဒီနေရာမှာ ငြိမ်နေတာ။ ငြိမ်နေတာမှ အခု ရှမ်းမြောက်ကိစ္စက ထဖြစ်တော့ လမ်းကြောင်းတွေက အကုန်ပိတ်ကုန် တော့ ဦးတည်ချက်က ဒီဘက်ကိုပဲ လှည့်ကုန်တာ။ တခြားဘက်မှာ ဒီလုပ်ငန်းတစ်ခုကနေ တခြားလုပ်ငန်းကို ချက်ချင်းကြီး ကူးပြောင်းဖို့ဆိုတာ မလွယ်ဘူး။ ကြားထဲမှာ အချိန်ကာလ တစ်ခုတော့ ယူရမှာပဲ။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ဒီရွှေဘက်ကို ကူးရမှာပဲ။ လောလောဆယ် မြန်မာပြည်မှာ စိတ်ချရတာ ဒီရွှေပဲ ရှိတယ်လေ။ အဲဒါကြောင့် ရွှေဘက်ကို ကူးမှာပဲ သေချာပေါက်ကတော့ ကူးလည်း ကူးနေတာပါပဲ။ ပုံမှန်ဆိုတော့ ပွင့်လင်းရာသီ ရောက်တော့မှာဆိုရင် ဈေးကွက်က ပုံမှန်ထက်တော့ နည်းနည်း မကျရင်တောင်မှ ဈေးတန်းတစ်ခုမှာ ငြိမ်နေမှာပဲ လေ။ အခုကတော့ ပွင့်လင်းရာသီ ရောက်ခါနီးကျမှ ထဖြစ်တာဆိုတော့ ပိုပြီးတော့ ဆိုးသွားဖို့ပဲ ရှိတာပေါ့ ပွင့်လင်း ရာသီ ရောက်ခါနီးမှ ဖြစ်တာကိုး” ဟု ပြောသည်။

ပွင့်လင်းရာသီ ရောက်ချိန်တွင် ပြည်တွင်း ရွှေဈေးနှုန်းသည် ကျဆင်းလေ့ရှိခြင်းကြောင့် ရွှေကုန်သည်များက ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၃၃ သိန်းခန့်သို့ ကျဆင်းနိုင်သည်ဟု သုံးသပ်ထားကြသည်။

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် မန္တလေး ရွှေဈေးကွက်၌ ရွှေဝယ်ယူမှု မြင့်တက်ခဲ့သည့်အတွက် ရွှေဈေးနှုန်းလည်း မြင့်တက်လာခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာလလယ်ခန့်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ၃၆ သိန်းအထိ ရောက်ရှိနိုင်ပြီး ပြန်လည် ကျဆင်း ရန်အတွက် မရှိနိုင်ကြောင်း အမည်မဖော်လိုသည့် ရွှေကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့လက်၀တ်ရတနာများကိုတွေ့ရစဉ်

၎င်းက “လလယ်လောက်ဆိုရင် ၃၅ ကျော်လောက်ပါပြီ၊ ၃၆ လောက် ရောက်လောက်ပါပြီ လလယ်လောက်ဆိုရင်။ အခု ဒီတိုက်ပွဲတွေက ဘယ်အချိန် ပြီးမယ်မှန်းမှ မသိတာ။ ပြင်ပလှုံ့ဆော်မှုက တစ်ခုပြီးတစ်ခု တက်တက် လာမှာ ပဲလေ။ မြန်မာပြည်တွင်းရေးမှ မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံရေးကလည်း မငြိမ်တော့ဘူး။ အရင်တုန်းက မြန်မာ ပြည်တွင်းရေးကြောင့် တက်လာတာ။ အခုက နိုင်ငံတကာအရေး ဖြစ်နေတော့ မလွယ်လောက်တော့ဘူး ဈေးပြန် ကျဖို့က သိပ်မမြင်တော့ပါဘူး။ အခု စီးပွားရေး အချက်အချာကျတဲ့ တရုတ်ပြည်သွားတဲ့ လမ်းကြောင်းတွေ ပိတ်ကုန်ပြီဆိုတော့ ခေါင်းပြောင်းမှာပဲလေ။ ကျဖို့တော့ သိပ်မရှိတော့ဘူး” ဟု ပြောသည်။

ရွှေဈေးနှုန်း မြင့်တက်နေသော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအားအပိုင်းတွင် ပုံမှန်အတိုင်းသာ ရှိနေသလို ရွှေ ဈေးနှုန်း ထပ်မံ၍ တက်မည်ကို ခန့်မှန်းနေကြခြင်းကြောင့် ရောင်းချမည့် သူများကလည်း ရပ်တန့်နေသည်။

ထို့နောက် ရွှေဈေးနှုန်း ကျဆင်းချိန်တွင် ဝယ်ယူရန်အတွက် ပြင်ဆင်နေသည့် ကုန်သည်များလည်း ရှိသည်ဟု ရွှေဈေးကွက်အတွင်းမှ သိရသည်။

ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်စေရန်အတွက် လုပ်ဆောင်နေသူများကို ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့် လက်ရှိတွင် တရားဝင် အရောင်းအဝယ်အနေဖြင့် လုပ်ဆောင်ခြင်း မရှိဘဲ မှောင်ခိုဈေးကွက်ဖြင့်သာ အရောင်း အဝယ် ဖြစ်ပေါ်နေသည်ဟု ရွှေကုန်သည်များက ပြောသည်။