CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

တရုတ်သို့ နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်ရန်အတွက် တစ်ခါသုံးကဒ် (TBP) တိုကင်အား နိုဝင်ဘာ ၃ ရက်မှ ၁၀ ရက်နေ့အထိ ထပ်မံထုတ်ပေးထားကာ လူပေါင်း ၃၆၀၀ ကျော်ကိုပေးထားကြောင်း လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုကင်ယူထားကြမှုသည် ယခင်ထက် နည်းပါးသွားပြီး တိုကင် ထုတ်ပေးသည့်နေရာကိုလည်း နန်းတော်ဂိတ်တွင် ပြောင်းလဲဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ နောက်ထပ် တိုကင်များအား မည်သည့်အချိန်တွင် ထပ်မံထုတ်ပေးသွားမည်ကို မသိရသေးကြောင်း ၎င်းကပြောသည်။

တိုက်ပွဲမဖြစ်ခင်က TBP လာရောက်ထုတ်ယူသူများကို တွေ့ရစဉ်

“သူကတော့ နည်းနည်းလေးတော့ နည်းသွားတာပေါ့။ အသွားအလာတော့ နည်းသွားတာပေါ့။ ကုန်စည်စီးဆင်းမှု ရပ်သွားတဲ့အတွက် အသွားအလာကတော့ မရှိ‌တော့ဘူးပေါ့ နည်းသွားတာပေါ့။ လူဦးရေ ၃၆၂၀ (၃)ရက်နေ့က လာယူတာရှိတာပေါ့။ နည်းသွားတာပေါ့။ ခါတိုင်းဆိုရင်တော့ ၅ ထောင်ကျော် ၆ ထောင်ကျော် လာယူကြတာ လေ။ အဲဒီနေ့ကတော့ လမ်းကြောပိတ်မိနေတဲ့အတွက် ပြည်မထဲကလူတွေက မလာနိုင်တော့ လူဦးရေနည်းသွား တယ်ထင်တယ်။ သူက ၆ ညအိပ် ၇ ရက်ပဲပေးတော့ ဟိုဘက်ကနေ ဒီကိုပြန်လာဖို့က အခက်အခဲရှိကြတာပါပဲ။ ဒါပေမယ့် ဟိုဘက်မှာ သူတို့ဟာသူတို့ QR code လုပ်ပြီးတော့ နေထိုင်နေတဲ့သူတွေလည်းရှိတယ်။ မထွက်မလာ တဲ့သူတွေလည်း အများကြီးပဲ။ ဝင်သွားတဲ့သူတွေရဲ့ တစ်ဝက်ကျော်ကျော်ကတော့ ထွက်မလာဘူး။ သူက ၁၀ ရက် နေ့ပြီးရင်တော့ ကျနော်တို့က နန်းတော်ပေါက်မှာပဲ ပေးတာလေ။ ဝင်ချင်တဲ့ Demand ရှိတယ်ဆိုရင်တော့ နန်းတော်ပေါက်ကနေ တိုက်ရိုက်ဝင်ခွင့်ပြုတဲ့ဟာဖြစ်ဖြစ် ဒါကတော့ တာဝန်ရှိသူတွေရဲ့ သဘောထားပေါ့။ ပိတ်တယ်ဆိုတာတော့ မရှိပါဘူး။ မဖြစ်နိုင်သေးပါဘူး။ သူတို့ ဘယ်လိုပုံစံနည်းနဲ့ ပေးမယ်ဆိုတာကတော့ ရှိလာနိုင်တာပေါ့နော်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ သူတို့လည်း သူတို့လုံခြုံရေးကို ကြည့်ဦးမှာပေါ့နော်” ဟု ၎င်းက ပြောသည်။

ယခင်က TBP ကဒ်အတွက် တန်းစီရာတွင် လူတန်းအရှည်ကြီးဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲအခြေအနေ ကြောင့် နည်းပါးသွားသည်ကို တွေ့ရကြောင်းလည်း ပရဟိတအသင်းများထံက သိရသည်။

တစ်ခါသုံးကဒ် (TBP) တိုကင်

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊ သိန္နီ၊ မူဆယ်၊ မုံးကိုး၊ ချင်းရွှေဟော်၊ နောင်ချို၊ လားရှိုး စသည့် မြို့နယ်များရှိ မြန်မာ့တပ်မတော်စခန်းများ၊ ရဲစခန်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများ၊ တိုးဂိတ်များကို မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို ၁၀၂၇ စစ်ဆင်ရေးဟု ခေါ်ဝေါ်ခဲ့ကြပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MDY-PDF)တို့ ပါဝင်ကြကာ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

၎င်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချို့လမ်းများကိုလည်း ပိတ်ထားသည့်အတွက် မူဆယ်မှ ထွက်ခွာချင်သူများနှင့် မူဆယ်သို့ဝင်ရောက်ချင်သူများမှာ ပိတ်မိနေကြဆဲဖြစ်ပြီး အချို့မှာ ၎င်းတို့နှင့် နီးစပ်ရာ အိမ်များတွင် နေထိုင်နေကြရကြောင်း နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပိတ်မိတာတော့ အများကြီးပဲလေ။ ပိတ်မိတာက တစ်နယ်နဲ့ တစ်နယ် ကူးလို့မရဘူး။ ဥပမာ ပန်ဆိုင်းကနေ မူဆယ်ကို လာလို့မရဘူး။ နမ့်ခမ်းကနေ မူဆယ်ကို လာလို့မရဘူး။ ကွတ်ခိုင်ကနေ မူဆယ် လာလို့မရဘူး။ အခု မန္တလေးဘက်ကနေလည်း မူဆယ်ကို လုံးဝလာလို့မရဘူး။ ဒါပေမယ့် ဒီမနက်တော့ မနေ့က မိုင်းကွဲတဲ့ ဖြစ်စဉ် မိန်းကလေးတစ်ယောက် ခြေထောက်ပြတ်တယ်၊ နောက် ဘယ်ဘက်လက် အကုန်လုံး အစမှန်တဲ့ဟာ နမ့်ဖတ်ကာ အထိ သွားကြိုတာတော့ ဘာမှတော့ မဖြစ်ခဲ့ပါဘူး။ ဆိုင်ကယ်ဆီဖိုးကလည်း အရမ်းကို ဈေးကြီးတာလေ။ တစ်လီတာကို ၃၀၀၀ ကျော်တယ်။ အဲဒီလိုမျိုးလေ။ တဖြေးဖြေးချင်းတက်လာပြီ တစ်ရက်ကို ၁၀၀ လောက်က တက်နေတာ ဘယ်လောက်မှာ တန့်သွားမလဲမသိဘူး။ ဝယ်လို့ကတော့ ရတယ်။ ဒီမှာကတော့ တရုတ်နဲ့ကပ်နေ တော့ အောက်ကမလာလည်း တရုတ်ဆီတော့ ရှိတာပဲ။ အခြေခံလူတန်းစားတွေက တော်တော် ဒုက္ခရောက်တာ ပေါ့” ဟု ၎င်းက ပြောသည်။

လောက်ကိုင်မှပြန်လာသူများ ကားပိတ်နေမှု

ရှမ်းပြည်နယ် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်‌ရေးကြောင့် တစ်ပတ်အတွင်း တိုက်ပွဲရှောင်ဦးရေ ၂ သောင်းခွဲအထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

သိန္နီမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်း (၁၀) ကျောင်းတွင် တိုက်ပွဲရှောင်ဦးရေ ၈ ထောင်ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံပြည်သူသောင်းနှင့်ချီတိုက်ပွဲအတွင်း ပိတ်မိနေကြ ကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “သိန္နီလောက်ကနေ ပိတ်ထား တာဆိုတော့ ဟိုဘက်ကိုလည်း မူဆယ်- သိန္နီတစ်ကြော သွားလို့မရဘူးပေါ့။ ကုန်စည်စီးဆင်းမှုလည်း မရဘူးပေါ့။ ဟိုဘက်နဲ့ ဒီဘက် တခြားစီဖြစ်နေတာပေါ့။ မူဆယ်တို့ နမ့်ခမ်းတို့ သိန္နီတို့ဘက်က တစ်ခြမ်းဖြစ်နေတာပေါ့။ သိန္နီရဲ့ ဒီဘက်ကနေ လားရှိုးဒီဘက် ဂုတ်တွင်းအထိက တစ်ခြမ်း ဖြစ်နေတာပေါ့။ အဲဒီလို နှစ်ပိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်တို့ကြားတာတော့ တရုတ်ဘက်က တိုက်ပွဲရှောင်တွေကို ခေါ်ထားတာ ရှိပါတယ်။ တချို့ ကြတော့လည်း အဲဒီဘက်ကိုသွားကြတယ်။ သူတို့ ဟိုလို တအားကြီးတော့ မစစ်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ သူတို့ စစ်တာပေါ့။ ဘယ်ကလာလဲ အဲဒီလို အသေးစိတ်တွေ ပုံမှန်တော့ သာမန်အရတော့ သူတို့ စစ်ပါတယ်။ ကျနော်တို့ကြားတာတောင်မှ ဖုန်းတွေဘာတွေတောင် မသုံးခိုင်းဘူးကြားတယ်” ဟု ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ သွားလာ၍မရဘဲ နယ်စပ်ကုန်သွယ်ရေး ရပ်နားထားရကြောင်း ကုန်သည်များထံမှ သိရသည်။