CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်(TNLA) နှင့် ကိုးကန့်တပ် (MNDAA)ကြား ယှဉ်ပြိုင် အုပ်ချုပ်မှုများ ဖြစ်လာခြင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထု ဒုက္ခရောက်လာသည်ဟု  တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးပကြိုဝ်းဇားမှ CNI  သတင်းဌာနသို့ ပြောသည်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က စတင်ကာ တအာင်းတပ်(TNLA) နှင့် ကိုးကန့်တပ် (MNDAA)ကြား ကွတ်ခိုင် မြို့နယ်ထဲမှာ အချင်းများနေသလို နယ်မြေအုပ်ချုပ်ရေး အငြင်းပွားနေကြောင်း၊ ထိုမှတဆင့် လူမျိုးရေးပဋိပက္ခ အသွင်ဆောင်သည့် အနေအထားမျိုးထိ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့သည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် TNLA  ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး MNDAA ဘက် ကလည်း ကွတ်ခိုင်မြို့ကို ဝင်ရောက်တပ်စွဲလာသည်။ 

TNLA-MNDAA ကြား ပဋိပက္ခအပေါ် တအာင်းအဖွဲ့အစည်းတွေ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

အဆိုပါ နှစ်ဖက်တပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပြီးနောက်ပိုင်း MNDAA ဘက်မှ သိန္ဒီမြို့ အဝင်အထွက် များကို စစ်ဆေးမှုများ တင်းကြပ်လာပြီး တအာင်းလူမျိုးများအား အဓိကထား၍ စစ်ဆေးမှုများရှိနေကြောင်း ဒေသ တွင်းနေ ပြည်သူများက ပြောသည်။

ထိုပြဿနာသည် နှစ်ဖက်တပ် အချင်းချင်း ဖြစ်ပွားသည့် တပ်တွင်း ပြဿနာသာဖြစ်ပြီး လက်ရှိအချိန်တွင် လူထု များကိုပါ ဦးတည်လာကာ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်လာသော အနေအထားမျိုးများ မြင်တွေ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးပကြိုဝ်းဇားမှ CNI  သတင်းဌာနသို့ ပြော သည်။ 

၎င်းက “ဒါပေမယ့် သူတို့ရဲ့ ပြဿနာက ဘယ်ကို ဦးတည်လာလဲဆိုတော့ လူထုကို ဦးတည်လာတော့ ကျမတို့ အရပ်ဘက် အဖွဲ့အစည်း အနေနဲ့ကတော့ အဲဒါတော့ အဆင်မပြေဘူးပေါ့နော်။ ခုနက ပြောသလို မြို့တစ်မြို့မှာ ယှဥ်ပြိုင်အုပ်ချုပ်တာတွေ ဖြစ်လာတယ်ဆိုရင်တော့ ဒီလိုမျိုး ပဋိပက္ခတွေ  ကတောက်ကဆတွေ တင်းမာမှုတွေက မြေပြင်မှာ‌တော့ ဖြစ်လာနိုင်တယ်ပေါ့လေ။ တစ်ခါတစ်လေမှာက ကြား‌လော်ဘီတွေက ပြန်ဝင်တယ် စည်းရုံးကြ တယ်။ ပိုပြီးတော့မှ တင်းမားမှုတွေ ပိုဖြစ်လာတယ်။ တင်းမာမှုတွေ ပိုဖြစ်လာတဲ့အခါမှာ ပိုပြီးမှ စစ်ရေး တင်းမာ လာဖို့အတွက် သွေးဆွနေတာမျိုးတွေ တွေ့နေရတယ်ပေါ့နော်။ မြေပြင်မှာပဲဖြစ်ဖြစ် ဒီအွန်လိုင်း ပလက်ဖောင်းမှာ ပဲဖြစ်ဖြစ် အဲဒါကြောင့်မို့လို့ပဲ တခြားတပ်ရဲ့ သိက္ခာအတွက် မငဲ့ဘဲနဲ့ ပြန်ပြီးမှ သွေးဆွနေတဲ့ အနေအထားမျိုးမှာ ဆိုရင် လူမျိုး‌ရေးကို ပြန်ပြီးမှ ပိတ်ပင်တားဆီးတာတွေ၊ သွားလာရေးတွေ ဒါလူထုအပေါ်မှာ ပိုတင်းကြပ်လာတာ တွေ ဖြစ်လာမယ်ဆိုရင် လူထုအချင်းချင်းရဲ့ ပဋိပက္ခတွေကလည်း ပိုမြင့်လာတယ်ပေါ့နော်။ တစ်ခါတစ်လေ တပ် ချင်း ပြဿနာက တပ်အချင်းချင်း ဖြေရှင်းတာက ပိုကောင်းတယ်။ ဒါသည် တပ်တွင်း ပြဿနာဖြစ်တယ်။ တပ် အချင်းချင်း ပြဿနာသည် ပြည်သူလူထု အချင်းချင်း ဒီမြေပြင်မှာရှိတဲ့ ပြည်သူလူထု အချင်းချင်း လူမျိုးအချင်းချင်း ပြဿနာ မဟုတ်နေဘူးပေါ့နော်။ ဒါပေမယ့် အဲဒါကို အသွင်ဆောင်လာတဲ့ အနေအထားမျိုးမှာ ဆိုရင်တော့ ဒါသည် ပြည်သူရဲ့ အမုန်းပွားမှုတွေ၊ အချင်းချင်း အမုန်းပွားမှုတွေ ဖြစ်လာတဲ့အခါမှာ ပြဿနာက ပိုပြီးမှ ထိန်းကျောင်းရ ခက်ခဲလာမယ်။ ပဋိပက္ခတင်းမာမှုတွေ ပိုဖြစ်လာမယ့် အခွင့်အ‌ရေးတွေ လမ်းဖွင့်ပေးသလို ဖြစ်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်ပေါ့နော်” ဟု ပြောသည်။ 

AA,MNDAA,TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

MNDAA နှင့် TNLA တို့ ထိုသို့ ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းသည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၎င်းတို့ အချင်းချင်းကြား နယ်မြေခွဲခြား ပိုင်းခြားရေးတွင် မျှတမှုမရှိခြင်းကစပြီး ယခုကဲ့သို့ အခြေအနေမျိုးထိ ဖြစ်လာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “သူတို့က ဒီ ၁၀၂၇ မှာ သူတို့က မဟာမိတ်သုံးဖွဲ့ပေါ့နော်၊ အဲဒီ သုံးဖွဲ့ သဘောတူညီချက်နဲ့ သူတို့ စစ်‌ဆင် ရေးတွေ လုပ်ပြီးနောက်မှာ နယ်မြေခွဲခြားစိတ်ဖြာရေး ပိုင်းခြားရေးတွေကျတော့ သင့်သင့်မျှမျှ မရှိလိုက်ဘူး။ မရှိ လိုက်လို့လည်း အဲဒါတွေက အခုလိုမျိုးတွေ ရောထွေးပြီး ပြဿနာတွေ ဖြစ်လာတယ်။ သူတို့ရဲ့ သိမ်းပိုက်ပြီး‌တဲ့ နောက်ပေါ့နော် ၁၀၂၇ နောက်ပိုင်း သိမ်းပိုက်ပြီး မဟာမိတ်တွေ ဝင်တိုက်တာတော့ မှန်တယ်။ သို့သော် အဲဒီလို တိုက်ပြီးတော့ နယ်မြေခွဲခြားမှုမှာ သူတို့က သေချာပိုင်းပိုင်းခြားခြား မလုပ်ခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်နေကြ တယ်။ ဒါကတော့ ထင်ရှားတာပေါ့နော် ကျနော်တော့ အဲ့‌လောက်တော့ သိရပါတယ်” ဟု ပြောသည်။ 

လက်ရှိ အခြေအနေတွင် မြေပြင်မှာ ရှိနေသည့် ဒေသခံ ပြည်သူလူထု အများစုသည် မည်သည်က သတင်းအမှန်၊ အမှားလဲဆိုသည်ကို ခွဲခြားနိုင်ရန်အတွက် သတင်းအရင်းအမြစ်ရယူမှု၊ အွန်လိုင်း ချိတ်ဆက်မှုတို့မှာ အင်မတန် ခက်ခဲနေကြောင်း၊ သွေးကြွရန် လှုံ့ဆော်သည်မှာ အရမ်းလွယ်ကူသည့် အနေအထားမျိုး ဖြစ်နေခြင်းကြောင့် လူထု အချင်းချင်း ပဋိပက္ခအသွင် ဆောင်လာမည်ကို စိုးရိမ်ရသည်ဟု တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ထောက် ပြ ကြသည်။ 

MNDAA,TNLA,AA သည် ညီနောင်မဟာမိတ်ဟု ဖွဲ့စည်းထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ အငြင်းပွားကာ MNDAA နှင့် TNLA ကြား မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေသည်။