CNI International News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ပါကစ္စတန်စစ်တပ်သည် ဖေဖော်ဝါရီ ၂၂ ရက်က အာဖဂန်နစ္စတန် နယ်စပ်ရှိ သံသယဖြစ်ဖွယ် စစ်သွေးကြွများ၏ စခန်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နှင့် ဆက်ဆံရေး တင်းမာမှု မြင့်တက် လာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပါကစ္စတန်အာဏာပိုင်များ၏ အဆိုအရ အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာ (Nangarhar) နှင့် ပက်တီကာ (Paktika) ပြည်နယ်များရှိ ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များ ခိုအောင်းရာ နေရာများကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်တစ်လျှောက်ရှိ စခန်း (၇)ခုကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများအတွင်း သောင်းကျန်းသူ ၈၀ ခန့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့သော် အာဖဂန်အစိုးရကမူ ပါကစ္စတန်၏ ပြောကြားချက်များကို ပယ်ချခဲ့ပြီး ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများသည် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနှင့် လူနေအိမ်များကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ဒါဇင်နှင့်ချီသောလူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နန်ဂါဟာပြည်နယ် တစ်ခုတည်းမှာပင် လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန် သတင်းရင်းမြစ် များက အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောကြားခဲ့ပြီး အာဖဂန်အစိုးရကလည်း သင့်တော်သည့် တုန့်ပြန်မှု များကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အာဖဂန်ဘက် ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကို တွေ့ရစဉ်

ထိုအချိန်အတောအတွင်း အိန္ဒိယနိုင်ငံသည် အာဖဂန်-ပါကစ္စတန် တင်းမာမှုအတွင်း ပါဝင်လာခဲ့ပြီး ပါကစ္စတန် စစ်တပ်၏ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့သည့် အပြင် အာဖဂန်နစ္စတန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုအပေါ် အိန္ဒိယ၏ ထောက်ခံမှုကို ပြသခဲ့သည်။

မြင့်မြတ်သော ရာမဒန် (Ramadan) ဥပုသ်လအတွင်း အာဖဂန် နယ်မြေပေါ်တွင် အမျိုးသမီးများနှင့် ကလေးငယ် များ အပါအဝင် အရပ်သားများ သေကြေ ပျက်စီးစေခဲ့သည့် ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများကို အိန္ဒိယ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဟာ ဂျိုင်စဝယ်လ် (Randhir Jaiswal) က ပြောကြားခဲ့သည်။

“ဒါဟာ ပါကစ္စတန် အစိုးရအနေနဲ့ သူတို့ရဲ့ ပြည်တွင်းရေး ကျရှုံးမှုတွေကို ပြည်ပကို လွှဲချဖို့ ကြိုးစားတဲ့ နောက်ထပ် လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ထုတ်ပြန်ချက်သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရနှင့် အိန္ဒိယတို့ကြား မြင့်တက်လာသည့် ဆက်ဆံရေးအပေါ်  ပါကစ္စတန်အစိုးရ၏ စိုးရိမ်ပူပန်မှုကို မီးမောင်းထိုး ပြသရာ ရောက်ခဲ့သည်။

မကြာသေးမီ လများအတွင်း ပါကစ္စတန်သည် ၎င်း၏ ပြည်တွင်းလုံခြုံရေး စိန်ခေါ်မှုများအတွက် အိန္ဒိယနှင့် အာဖဂန်ကို မကြာခဏ အပြစ်တင်ခဲ့ဖူးသည်။

အာဖဂန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ကို တွေ့ရစဉ်

အိန္ဒိယသည် ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး အာဖဂန်နစ္စတန်ရှိ အရပ်သား သေဆုံး မှုများကို အလေးပေး ဖော်ပြခဲ့သော်လည်း ပါကစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် ပတ်သက် ပြီး တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် အိန္ဒိယ၏ ထုတ်ပြန်ချက်သည် အိန္ဒိယနှင့် တာလီဘန် အာဏာပိုင်များအကြား ပိုမိုနီးကပ်လာသော ဆက်ဆံရေးကြောင့် ပါကစ္စတန်၏ လုံခြုံရေး စီမံတွက်ချက်မှုများကို ပိုမိုရှုပ်ထွေး သွားစေသည်ဟူသည့် ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

အိန္ဒိယနှင့် တာလီဘန်ကြား ဆက်ဆံရေး ပြောင်းလဲမှုသည် ပြီးခဲ့သည့်နှစ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီ (Amir Khan Muttaqi) ၏ ၆ ရက်ကြာ အိန္ဒိယခရီးစဉ်သည် ၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာ ပြန်ရလာပြီးနောက်ပိုင်း အကြီးတန်း တာလီဘန်အရာရှိတစ်ဦး၏ ပထမဆုံးသော အိန္ဒိယခရီးစဉ် ဖြစ်ခဲ့သည်။

ထိုကာလအတွင်းမှာပင် အိန္ဒိယသည် အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ် (Kabul) မြို့တော်ရှိ အိန္ဒိယသံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား