CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA) တို့အကြား ဖြစ်ပွားသည့် နယ်မြေ စစ်ရေးပဋိပက္ခ ပြဿနာကို ကြည့်ခြင်းအားဖြင့် တရုတ်က ရှမ်းမြောက်တစ်ခုလုံး ထိန်းချုပ်နိုင်ရေး ကြိုးစားနေ သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့(UWSA)နှင့် မြောက်ပိုင်း မဟာ မိတ် ၃ ဖွဲ့ဖြစ်သည့် AA၊ TNLA၊ MNDAA တို့အပေါ်တွင် ဩဇာလွှမ်းမိုးမှု ရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သော အင်အားရှိသည်။

မကြာသေးမီက စတင်ဖြစ်ပွားခဲ့သည့် MNDAA နှင့် TNLA တို့အကြား ပဋိပက္ခ၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ သည် သေချာပေါက် ပါဝင်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆထားကြသည်။

တရုတ်ရဲ့ ရှမ်းမြောက်ဒေသ ထိန်းချုပ်ရေးနဲ့ ပြည်ထောင်စုလမ်းမကြီး စီမံချက်ကို ဖော်ပြထားစဉ်

အဆိုပါ ၂ ဖွဲ့အကြား ပဋိပက္ခကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် သံလွင်မြစ် အနောက်ဖက်ခြမ်းကို ၎င်းနှင့် ဆက်ဆံရေးလည်း ကောင်းမွန်ပြီး စိတ်ချရသည့် MNDAA ကို တာဝန်ယူစေကာ ထိန်းသိမ်းခိုင်းထားခြင်းဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကွတ်ခိုင်ကနေ စတာကို။ အဲဒီတော့ ကွတ်ခိုင်ကို ကျနော်တို့ ပြန်ကြည့်ရင် သူက သံလွင်မြစ်ရဲ့ အနောက် ဖက် အခြမ်းကို ရောက်လာတဲ့ သဘောရှိတယ်။ အဲဒါကို ပြန်ကြည့်ရင် တရုတ်နဲ့ အဆင်ပြေတဲ့ EAO ၂ ခုရှိတယ်။ တစ်ခုက UWSA။ UWSA က လက်ရှိ ကျနော်ထင်တာကတော့ သံလွင်မြစ်ရဲ့ အရှေ့ဖက်ခြမ်းမှာ သူက ကျိုင်းတုံ အထိ သူက တာဝန်ယူပြီးတော့မှ သံလွင်မြစ် ဒီအနောက်ဖက်ကို ကူးလာတဲ့ဟာကြတော့ ကျနော်တို့မြင်တာက တော့ အနောက်ဖက်ကို ကူးပြီးတော့မှ ကွတ်ခိုင်၊ သိန္နီအထိကို MNDAA ကို တာဝန်ယူစေတယ်လို့ ကျနော်တို့က တော့ အဲဒီလိုမြင်တယ်။ အဲဒီတော့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ လားရှိုး-မန္တလေး၊ နောက်တစ်ခါ လားရှိုးကနေ ပြီးတော့ ဟိုဖက် မူဆယ်ပေါ့။ လားရှိုးအထိက လက်ရှိအစိုးရရဲ့ တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ။ တစ်ခါ လားရှိုးက နေ မူဆယ်ပိုင်းကိုကြတော့ အဓိကကျတဲ့ ကွတ်ခိုင်နဲ့ မူဆယ် အဓိက တရုတ်နဲ့အဆင်ပြေတဲ့ MNDAA ကို ထိန်း သိမ်း ခိုင်းထားတယ်လို့ ယူဆရတယ်။ အဲဒီတော့ ဘာသွားမြင်ရလဲဆိုတော့ မူဆယ်နဲ့ ကွတ်ခိုင်ကြား အနေအထား မှာ တရုတ်က သူသံလွင်မြစ် အနောက်ဖက်ပေါ့။ သူစိတ်ချရတဲ့ သူနဲ့ဆက်ဆံရေးကောင်းတဲ့ MNDAA ကို အဲဒီမှာ တာဝန်ယူစေတယ်လို့ ကျနော်တို့ မြင်ရပါတယ်” ဟု ပြောသည်။

MNDAA နှင့် ဖြစ်ပွားနေသော ပဋိပက္ခကို ကြားဝင် ညှိနှိုင်းပေးရန် တရုတ်နိုင်ငံနှင့် FPNCC ကို TNLA က စာပို့ တောင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံကတော့ FPNCC ဝင်မပါရန် ပြောထားသည်ဟု သိရသည်။

MNDAA နှင့် TNLA တို့၏ ပဋိပက္ခ ဖြစ်ပေါ်လာရခြင်း၏ နောက်ကွယ်တွင် တရုတ်နိုင်ငံ မပါဝင်ဘူးဟု ပြောဆိုကြ သော်လည်း ၎င်း၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသည်ကို သိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်း စေချင်သည့် စိတ်စေတနာရှိသကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ အမြင်ကတော့ MNDAA က သူက ရသလောက်တိုက်မယ်။ နယ်နိမိတ်လမ်းကြီးကို သူ ရအောင်ဖွင့်မယ်။ ဖွင့်ပြီးရင် တရုတ်က ဝင်လာမယ်၊ ဝင်လာပြီး ပွဲစားလုပ်မယ်။ MNDAA ကို သူက တစ်ဖက်က bargaining Power ပေါ့။ အဲဒီလိုဖြစ်အောင် သူက နေရာယူလိုက်မယ်။ ကျနော် ဘာပေးမယ်၊ ကျနော့်ကို ဘာပြန် လုပ်ပေးပါပေါ့နော်။ အထူးသဖြင့်ကတော့ ဒါကြီးကို ယူထားပြီး လုပ်မယ်ဆိုရင်တော့ တစ်နေ့နေ့ကတော့ ပေါက်ကွဲ မှုကြီး ဖြစ်မှာပဲ။ မြန်မာနိုင်ငံသား ဘယ်သူမှ လက်မခံဘူး။ တစ်ခုပဲ ရှိတယ်။ ကျနော်တို့ ကိုးကန့်ကို ဘယ်လို အနေ အထား သတ်မှတ်ပေးပါပေါ့နော်။ သူတို့ပြန်ဆုတ် ပေးပါမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါမျိုးလည်း ဖြစ်နိုင်တာ ပေါ့။ ဒါကတော့ တရုတ်က ကြားထဲကနေ ပဏာယူပြီး လုပ်နေတာပေါ့။ ပြောရရင်တော့ တရုတ်ပြည်သူ့ သမ္မတ ကြီးက မရိုးသားဘူးပေါ့။ မြန်မာပြည်ကို သူအေးချမ်းချင်တာတော့ အမှန်ပဲ။ ဒါပေမယ့် နောက်တစ်ခုက မြန်မာ ပြည်ကိုသူ ကစားလည်း ကစားချင်တယ်။ ကစားလည်း ကစားနေတယ်။ အဲဒါမျိုးကို ကျနော်တို့က မကြိုက်တာ ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ အိမ်နီးချင်း ကောင်းပီသဖို့ လိုတာပေါ့။ သူက မပါဘူးဆိုပေ မယ့် ကျနော်တို့က သူ့လွှမ်းမိုးမှု ရှိနေတယ်ဆိုတာ သိနေတော့ ဒါမျိုးက မလုပ်သင့်ဘူးလေ” ဟု ပြောသည်။ 

တပ်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ် 

TNLA သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက နယ်မြေအချို့အား ပြန်လည် ပေးအပ်ခိုင်းရာတွင် သဘောထား တင်းမာမှုကြောင့် တရုတ်နှင့် အဆင်မပြေ ဖြစ်လျက်ရှိနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ထို့ကြောင့် တရုတ်ဘက်မှ ၎င်း အကျိုးစီးပွားဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် TNLA က အနှောင့်အယှက်တစ်ခုဟု မှတ်ယူထားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားကြသည်။

ထို့ကြောင့် ၎င်း အပြည့်အဝ ထိန်းချုပ်နိုင်သည့် MNDAA ကို အသုံးချ၍ ရှမ်းမြောက်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ကိုပါ သိမ်းမည့်သဘောဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

သို့သော် TNLA အနေဖြင့်လည်း ယခု ပဋိပက္ခ၏ နောက်ကွယ်၌ တရုတ်ပါဝင်သည်ကို ရိပ်မိနိုင်သဖြင့် MNDAA ထံ ပါသွားသည့် နယ်မြေကို ပြန်လည်တိုက်ခိုက် သိမ်းရဲမည်ဟု မထင်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက “သူ့အကျိုးစီးပွားဖြစ်တဲ့ ကျားဖြန့်ကိစ္စကို ထိထိရောက်ရောက် မနှိမ်နင်း ပေးလို့၊ မနှိမ်နင်းပေးတော့ သူ့ပြည်သူလူထု အကျိုးစီးပွား ထိခိုက်နေတဲ့ကိစ္စ အဲဒါကို လာလာပြီးတော့ တိုင်တာ ပေါ့။ ခဏခဏ လာလာပြောတဲ့ အချိန်မှာ ဒီဘက်က မထုံတတေးနဲ့ လုပ်လို့ကိုင်လို့ မရဖြစ်နေတဲ့ အခါကြတော့ ကိုးကန့်တို့ ဟိုဟာတို့ တိုက်မယ်ဆိုတဲ့ အခါမှာ တရုတ်က နောက်ကနေပြီးတော့ ကူလိုက်တာပေါ့။ လုပ်မယ် ဆိုတော့လည်း သူက ပိုင်ပိုင်နိုင်နိုင် အဲဒီ ဒေသတွေကို သူ့ရဲ့ BRI လမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတစ်လျှောက်ကို သူက ထိထိရောက်ရောက် တစ်ခါတည်း အပြတ်ကူညီလိုက်တဲ့ သဘောလို့ မြင် တယ်။ ပြတ်ပြတ်သားသား ရပ်လိုက်တယ် ဆိုပေမယ့် အစိုးရပြုတ်ကျသွားတဲ့ အထိတော့ သူက မဖြစ်စေချင်ဘူး။ ဘာကြောင့်တုန်းဆိုတော့ ပြုတ်ကျသွားလို့ ရှိရင်လည်း ညီနောင် ၃ ဖွဲ့က တစ်ပြည်လုံးကို အာဏာသိမ်းနိုင်မှာ မဟုတ်ဘူး။ သူက နိုင်ငံရေးအရ ကြိုတွက်ထားတာက တကယ်လို့ တပ်ကပြုတ်သွားရင် NUG က တက်လာမှာ။ NUG တက်လာမယ်ဆိုရင် အဲဒီ NUG ကိုကြ‌တော့ သူက တပ်လောက် စိတ်မချဘူးပေါ့။ NUG တက် လာမှာကို လည်း မလိုလားဘူး။ ဒါကြောင့်မို့လို့ သူက ကိုးကန့်တို့၊ တအာင်းတို့၊ AA တို့ ထိန်းချုပ်ထားနိုင်တဲ့ သူ့ရဲ့ လူအင်အား နဲ့ တပ်အင်အားနဲ့ သူတို့ဒေသတွေပေါ့။ အဲဒါတွေက သူ့အတွက်ဆိုရင်လည်း BRI လမ်းကြောင်းမှာ အရေးပါတဲ့   နေရာတွေ ဖြစ်နေတော့ အဲဒီ ဟာတွေအတွက် သူက ကူညီလိုက်တာပဲ။ အခု ကိုးကန့်နဲ့ ဟိုဟာနဲ့ ထပ်ပြီးတော့ ဖြစ်တဲ့ကိစ္စမှာကြတော့ သူ့ရဲ့ proxy အချင်းချင်းပေါ့ သူ့ရဲ့အောက်က တပည့် အချင်းချင်းဖြစ်တဲ့ ကိစ္စမှာ ဘယ် တပည့်က ပိုပြီးတော့ လက်စွမ်း ထက်မလဲ၊ ပိုပြီးတော့ စိတ်ချရမလဲဆိုတာကို ရွေးလိုက်တာပဲပေါ့” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ထားလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို ယခု အခါတွင် ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်လိုက်ပြီးနောက် လောက်ကိုင်မြို့တွင် နှစ်ဖက်တပ် တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ခဲ့ကြသည်။

မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းအထိ အဖြေမသိရသေးကြောင်း TNLA ဘက်မှ ပြောဆိုထားသော်လည်း နှစ်ဖက် အဖွဲ့များအနေဖြင့် အပစ်ရပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။