CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ပြောဆိုနေသည့်တိုင် နိုင်ငံရေးအင်အားစုများကြား ဖက်ဒရယ်ဒီဇိုင်းနှင့် ပတ်သက်၍ သဘောထား ကွဲလွဲနေပြီး တူညီသော ဘုံသဘောတူညီချက်များ မရှိသေးဘူးဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လူမျိုးစု လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်လို သော်လည်း အစိုးရ-တပ်မတော်ဘက်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တည်ဆောက်လိုကြောင်း ရပ်တည်လျက်ရှိသည်။

သို့သော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာတော့ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုအား တည်ဆောက်မည်ဟု ပြဋ္ဌာန်းထားသည်။ 

တိုင်းရင်းသားအားလုံး အဖွဲ့အစည်းများအားလုံး ပါဝင်ပြီး မြန်မာနိုင်ငံကို မည်သည့် ဖက်ဒရယ်ဒီဇိုင်းကို တည်ဆောက်မလဲ ဆွေးနွေးငြင်းခုန်မှုများ သေချာလုပ်သင့်ကြောင်း၊ ကိုယ့်တိုင်းပြည်နှင့် လိုက်ဖက်သည့် ဖက်ဒရယ်ဒီဇိုင်း အသစ်တစ်ခုလည်း ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံကို ဖော်ပြထားစဉ်

၎င်းက “ကျနော်တို့ ဖက်ဒရယ် အခု ဒီ အဖွဲ့အစည်းတွေပေါ့နော်၊ ကျနော်တို့အားလုံး တိုင်းရင်းသားအားလုံး အဖွဲ့ တွေ အကုန်ပါဝင်ပြီးတော့မှ မြန်မာနိုင်ငံကို ဘယ်လိုဖက်ဒရယ်နဲ့ လုပ်ကြမှာလဲဆိုတဲ့ ဆွေးနွေးငြင်းခုန်မှုတွေကို သေသေချာချာလည်း လုပ်သင့်တာပေါ့။ အဲ့လိုမျိုး လုပ်ပြီးတော့မှ အကုန် ကြေကြေညက်ညက် ဖြစ်ပြီဆိုတဲ့ အခါ ကျမှ ကဲ ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့သွားမလဲ၊ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်ဒီဇိုင်းတွေထဲက ဘယ်ဒီဇိုင်းကို ယူမှာလဲ ပြီးရင် အဲ့ဒီဇိုင်းတွေ အကုန်လုံးက တကယ့်တကယ် ငြင်းတဲ့အခါကြရင်တော့ ဟိုတစ်ဖွဲ့က ဒီဟာကို ကြိုက်တယ်၊ ဒီတစ်ဖွဲ့က ဟိုဟာကို ကြိုက်တယ်နဲ့ အဲဒီမှာ မီးခိုးမဆုံး မိုးမဆုံးတွေလည်း ဖြစ်သွားနိုင်တာဘဲ။ အဲဒီလိုမျိုး အခြေ အနေမျိုးမှာ ကိုယ့်တိုင်းပြည်နဲ့ လိုက်ဖက်တဲ့ဟာက ဒီဇိုင်းအသစ် တစ်ခုလည်း ပြောမရဘူးလေ၊ ကိုယ်တွေဘက်မှာ ရှိနိုင်လည်း ရှိနိုင်တာပဲပေါ့။ ဒါမျိုးစဉ်းစား တွေးခေါ်ပြီးတော့မှ လုပ်ကြမှပဲရမှာပေါ့။ နို့မို့ဆိုလို့ရှိရင် ဒီတစ်ဖက်ကနေ မှ ကိုယ်ကတော့ ဒီလိုပုံစံမျိုးနဲ့ ဖြစ်သင့်တယ်လို့ ထင်ပြီးလုပ်လိုက်တယ်၊ ကျန်တဲ့ဘက်က မကြိုက်ပြန်ဘူး၊ ငြင်းကြ ခုန်ကြ ဒီလိုနဲ့ပဲ ကျနော်တို့ တိုင်းပြည်က အမြဲတမ်း ဟိုဟာဖြစ်ခဲ့တာပေါ့နော်။ ရှေ့ကို မရောက်နိုင်ဘူး ဖြစ်တာပေါ့။ ဆိုတော့ သေသေချာချာ ကိုယ့်တိုင်းပြည်ရဲ့ ဒီဇိုင်းကို အဲဒီ ဒီဇိုင်းကို ဘယ်လိုပုံစံမျိုးနဲ့ သွားကြမလဲ ဆိုတဲ့ဟာကို ကတော့ အကြိတ်အနယ်ပေါ့လေ၊ သေသေချာချာ ဆွေးနွေးပြီးတော့မှ အားလုံးသဘောမျှတဲ့ ကိစ္စပေါ့။ အဲဒီလိုမျိုး လုပ်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့”ဟု ပြောသည်။ 

ဖက်ဒရယ်စနစ်သည် ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား အာဏာခွဲဝေမှု၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံ၍ စစ်မှန်သောပြည်ထောင်စု တည်ဆောက်သည့် နိုင်ငံရေးစနစ် ဖြစ်သည်။

တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ပြီး အာဏာရှင်စနစ်ကို တားဆီးကာ ဒေသအလိုက် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်သည်။

မြန်မာနိုင်ငံနှင့် လိုက်ဖက်သည့် ဖက်ဒရယ်စနစ်ကို အားလုံးဝိုင်းဝန်း ဆွေးနွေး၍ အဖြေရှာရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ‌CNI သတင်းဌာနသို့

၎င်းက “အမှန်ကတော့ ဖက်ဒရယ်က ကျနော်တို့ ဖက်ဒရယ်ပုံက ရှိပြီးသားပဲလေ ကျနော်တို့နဲ့ လိုက်ရောညီထွေ ဖြစ်တဲ့ဟာက ဘာလဲပေါ့နော်။ ကျနော်တို့ ၂၀၁၀ နောက်ပိုင်းကနေ စလာပြီးတော့မှ ဖက်ဒရယ်ဆိုတဲ့ စကားလုံးက ကျနော်တို့ တားမြစ်ပိတ်ပင်ထားတဲ့ဟာ မဟုတ်တော့ဘူး။ ဒီဥစ္စာကို ဒီနိုင်ငံမှာ ကျင့်သုံးရင် ကောင်းတယ်ဆိုတဲ့ အယူအဆတော့ ဖြစ်လာပြီ။ ဒါပေမယ့် ဘယ်လို ကျင့်သုံးကြမှာလဲ ဆိုတဲ့ဟာကိုကတော့ တိတိကျကျတော့ မဖြစ် သေးဘူးပေါ့လေ။ ဒါတွေက ရှေ့ဆက် များများ သေသေချာချာ စကားပြောပြီးတော့မှ အားလုံးလိုက်လျောညီထွေ ဖြစ်နိုင်ချေ အရှိဆုံးပုံသဏ္ဍန်ကို ရွေးချယ်ပြီးတော့မှ သွားရမှာပေါ့။ ဒီအချိန်မှာ ဒါတွေဟာ တိုးတက်လာတဲ့ သဘော ရှိတာပေါ့။ အရင်တုန်းက ဖက်ဒရယ်ဆိုတာ တိုင်းပြည်ကွဲထွက်အောင် လုပ်တယ်ဆိုတဲ့ စကားလုံးလို ပုံဖော်ထားခဲ့ ရာမှ အခုကတော့ ဒီဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံမှာ ကျင့်သုံးရင် ကောင်းတယ်ဆိုတဲ့ဟာကို ရှိသမျှ အကုန်လုံး အဖွဲ့အစည်းတွေကတော့ အကုန်လုံး လက်ခံလာပြီဆိုတဲ့ အနေအထား ကျနော်တို့ အများကြီး တိုးတက်လာတယ် လို့ ပြောလို့ရတယ်၊ ဒါပေမယ့် ဘယ်လိုပုံသဏ္ဍန်မျိုးနဲ့ လုပ်ကြမယ်ဆို ဆက်ပြီးသွားရမှာပေါ့။ အဲဒီအပေါ်မှာ မူတည် ပြီးတော့မှ ဒီဟာသည် ဘာကြောင့် ကျင့်သုံးသင့်သလဲ၊ ငြင်းဆန်တဲ့ဟာလည်း ဒါဆိုရင်တော့ ဘာဖြစ်သွားနိုင်တယ်၊ အားနည်းချက်က ဘာဖြစ်သွားနိုင်တယ် ပြောကြဆိုကြလို့ရှိရင်တော့ အကောင်းဘက်ကို ရောက်သွားမယ်လို့ ထင် ပါတယ်”ဟု ပြောသည်။ 

လက်ရှိတွင် ဖက်ဒရယ်ဒီဇိုင်းကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ မက္ကဆီကို၊ နိုင်ဂျီးရီး ယာ၊ စပိန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ အပါအဝင် နိုင်ငံပေါင်း ၈၈ နိုင်ငံက မတူညီသော ပုံစံများဖြင့် ကျင့်သုံး နေကြ‌ကြောင်း သိရသည်။

ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ်

မြန်မာနိုင်ငံတွင် အားလုံး လက်ခံထားသည့် ဖက်ဒရယ်ဒီဇိုင်းမှာ ယနေ့အထိ မရှိသေးကြောင်း ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တစ်နိုင်ငံလုံးက သဘောတူထားတဲ့ ဖက်ဒရယ်ဆိုတာ ဒီနေ့ထိတော့ ဘာမှမရှိသေးဘူး။ ဒါပေမယ့် ဖက်ဒရယ်ဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။ ပါတီနဲ့လည်း မဆိုင်ဘူး၊ အဖွဲ့အစည်းနဲ့လည်း မဆိုင်ဘူး။ ဒါတစ်နိုင်ငံလုံး မှာရှိတဲ့ လူတိုင်းနဲ့ဆိုင်တယ်။ ဖက်ဒရယ်ဆိုတာက ကိုယ့်အရပ်၊ ကိုယ်ဒေသ၊ ကိုယ်ဟာကို စီမံခန့်ခွဲအုပ်ချုပ်တဲ့ စနစ်ပါပဲဗျ ဖက်ဒရယ်ဆိုတာ။ ဒီရပ်ကွက်မှာရှိတဲ့ ဒီရပ်ကွက်က လူကပဲ ဒီရပ်ကွက်ကို စီမံခန့်ခွဲအုပ်ချုပ်ရမယ်။ ဒီမြို့နယ်ကလူက ဒီမြို့နယ်ကိုပဲ စီမံခန့်ခွဲအုပ်ချုပ်တာပေါ့နော်။ အလားတူ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး ကလည်း သူတိုင်းဒေသကြီးနဲ့ သူ့ပြည်နယ်မှာရှိတဲ့ သူတွေကပဲ အားလုံးကိုပေါ့နော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေါ့နော်၊ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေါ့နော်၊ ဒါတွေဟာ အားလုံးကို ကိုယ့်အရပ်၊ ကိုယ်ဒေသ၊ ကိုယ်တိုင်းဒေသကြီး၊ ကိုယ်ပြည် နယ်ကို ဒီပြည်နယ်မှာရှိတဲ့၊ ဒီတိုင်းမှာရှိတဲ့ သူတွေကပဲ၊ စီမံအုပ်ချုပ်ခန့်ခွဲပိုင်ခွင့်ပေါ့နော်။ ဒါအားလုံးကို အကြမ်း ဖျင်း အားဖြင့် ဖက်ဒရယ်လို့ပဲ ဦးတို့ တစ်တိုင်းနဲ့ တိုင်းကလည်း အနေအထား တူချင်မှတူမယ်၊ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်ကလည်း အနေအထား တူချင်မှတူမယ်၊ သူ့ဒေသနဲ့သူ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်ကိုပေါ့၊ စီမံခန့်ခွဲ ပိုင်ခွင့်ကို၊ အုပ်ချုပ်ပိုင်ခွင့်ကို အခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲနဲ့ ကိုယ့်အရပ်၊ ကိုယ်ဒေသနဲ့ကိုက်ညီတဲ့ အုပ်ချုပ်ရေး စနစ်ကို ဆောင်ရွက်တာပေါ့”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့်အခါမှာ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို မရောထွေး သွားရန် လိုအပ်ပြီး သီးခြားစီ ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားရခြင်း မှာ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို ရောထွေးထားခြင်းကြောင့် ဖြစ်သည်ကို သတိချပ်ရန်လိုအပ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အလားတူ ဦးနေဝင်း လက်ထက်က မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့သော်လည်း အောင်မြင် မှု မရှိဘဲ တိုင်းပြည် ပျက်စီးခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာ့နည်းမြန်မာ့ဟန် ဖက်ဒရယ်ကို တည်ဆောက်ရာမှာ သတိထားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။