CNI News

၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ်ဖြင့် သွားမည်ဆိုပါက အပေးအယူ အလျှော့အတင်း သေချာလုပ်ပြီးမှသာ ဖက်ဒရယ် ပြည်ထောင်စုအား တည်ဆောက်သင့်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖက်ဒရယ်စနစ်အား ဆောင်ရွက် မည် ဖြစ်ကြောင်း၊ လူကို အ‌ခြေခံသည့် ဖက်ဒရယ်စနစ်အား မကျင့်သုံးဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ် ကို ကျင့်သုံးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လူမျိုးစုများကို အခြေခံသည့် ပြည်နယ်များ ဖြစ်နေသည့် အတွက်ကြောင့် စိတ်ဝမ်းကွဲမှုများ ဖြစ်သည်ဟု ယူဆခြင်း ကြောင့် ဒေသအလိုက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် စဉ်းစားခြင်းဖြစ်နိုင်ကြောင်း၊ ဖက်ဒရယ်စနစ်ကို သွားသည့် အခါ အားလုံးကကျေနပ်နိုင်သည့် အ‌‌ပေးအယူ၊ အညှိအနှိုင်း၊ အလျှော့အတင်း သေချာစွာလုပ်ပြီးမှ သွားသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

အိန္ဒိယသံရုံးက ကျင်းပသည့် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေသည် ဖက်ဒရယ်စနစ်ကျင့်သုံးမှ အဆင်ပြေ တော့ မယ်ဆိုတဲ့ဟာကို အားလုံးက ယုံယုံကြည်ကြည် ဖြစ်နေကြပြီပေါ့။ တပ်မတော် အပါအဝင် အားလုံးက ဒီစနစ် ကို သွားကြမှ ဖြစ်မယ်ဆိုတဲ့ဟာကို အားလုံးက သဘောတူညီမှုရှိကြပြီပေါ့။ ဒါပေမယ့် ဘယ်လိုပုံစံသွားမှာလဲ ဆိုတဲ့ ဟာကျတော့ ဒီအပေါ်မှာ စကားပြောစရာရှိလာပြီ။ တစ်ခါတစ်လေကျတော့ ကျနော်တို့က ဒီလိုလေး ကောင်းမယ် လို့ တစ်ဖက်ကထင်ပြီး လုပ်လိုက်တဲ့အခါမှာ တစ်ဖက်က ဒီဟာမျိုးကို လက်မခံနိုင်တဲ့ ဟာမျိုးဖြစ်ပြီးတော့ ပေါ့စေ ချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး တယ်ဆိုတဲ့ စကားပုံလို ဖြစ်သွားမှာလည်း စိုးရိမ်ရတယ်ပေါ့။ ဒီအတွက် ကြောင့်မို့လို့ ကျနော်တို့က တိုင်းပြည်ရဲ့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါကျလို့ရှိရင် သေသေချာချာ တကယ့်ကို ဖိတ်ခေါ်တာတွေ ပါဝင်ပြီးတော့မှ နည်းနည်း ကြာရင်ကြာပါလေ့စေကွာ တကယ်ကို အားလုံးသဘောတူ လက်ခံ နိုင်တဲ့ အနေအထား တစ်ခုရောက်အောင် ဆွေးနွေးပွဲတွေကို ကြိမ်ဖန်များစွာ အချိန်ယူရင် ယူရပါလေ့စေ။ ဒါမျိုးကို သေသေချာချာလုပ်ပြီး အားလုံးကျေနပ်တယ်ဆိုတဲ့ အနေအထားတစ်ခုထိ ရောက်အောင် ဆွေးနွေးပြီးတော့မှပဲ ကျင့်သုံးဖို့ သင့်တယ်လို့ ကျနော်က ယူဆတယ်။ ဒီအတွက်ကြောင့်မို့လို့ အားလုံးက ကျေနပ်နိုင်တဲ့ အပေးအယူ အညှိအနှိုင်း အလျှော့အတင်း အားလုံး သေသေချာချာ လုပ်ပြီးတော့မှ သွားသင့်တယ်လို့ မြင်တယ်”ဟု‌ ပြောသည်။ 

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု အားလုံးက ဖြေဆိုဆွေးနွေးနေကြသော်လည်း မည်သည့် ဖက်ဒရယ်စနစ်မျိုးကို အကောင်အထည် ဖော်မှာလဲဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း ချမပြနိုင်ကြပေ။

မြန်မာ့တပ်မတော်ဘက်ကတော့ အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို အဆိုပြုသော်လည်း တိုင်းရင်းသား လက်နက် ကိုင်များကတော့ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျာမနီနိုင်ငံများတွင် ကျင့်သုံးနေသော ဖက်ဒရယ်စနစ်အား အဆိုပြုလျက်ရှိသည်။

အိန္ဒိယသံရုံးက ကျင်းပသည့် ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သူများကို တွေ့ရစဉ်

ဖက်ဒရယ်ဆိုသည့် သဘောသည် ဥပဒေများပြဋ္ဌာန်းပြီး စီမံအုပ်ချုပ်မှုပိုင်းများ လုပ်ကြသည့်အတွက် ဒေသအလိုက် နှင့်သာ သက်ဆိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဖက်ဒရယ်ဆိုတဲ့ သဘောကိုက သူ့ဒေသ အလိုက်ပေါ့၊ ကျနော်တို့ ဥပဒေတွေ ပြဋ္ဌာန်းကြမယ် အုပ်ချုပ်မှု ပိုင်းတွေ လုပ်ကြတယ်ဆိုတဲ့ အခါကျတော့ ဒေသအလိုက်နဲ့ သွားတိုက်ဆိုင်တယ်။ လူပေါ်မှာ အခြေခံပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် အဲဒီလူတွေရဲ့  Mind Set တွေပေါ်မှာပဲ မူဝါဒတွေ ဖြစ်သွားတာကျတော့လည်း ဒါသဘာဝ ကျခြင်း မကျခြင်းဆိုတာ စဥ်းစားလို့ ရပါတယ်။ ပြောချင်တာကတော့ ဖြစ်ပေါ်နေတဲ့ နယ်မြေရဲ့ အခြေအနေပေါ်မှာ အခြေခံပြီးတော့ စဥ်းစားတဲ့ဟာသည် လိုက်ဖက်တဲ့ ဖက်ဒရယ်စနစ်ကို ဖြစ်သွားလိမ့်မယ်လို့ ဒီလိုမြင်ပါတယ်” ဟု ပြောသည်။ 

မြန်မာ့တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)မှာတော့ မြန်မာနိုင်ငံကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များ မှတဆင့် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုအား တည်ဆောက်မည်ဟု သဘောတူထားကြ သည်။ 

သို့သော် ယနေ့အချိန်ထိ ဖက်ဒရယ်စနစ်ကိုဖြစ်စေ၊ ဒီမိုကရေစီစနစ်ကိုဖြစ်စေ တစ်စုံတစ်ရာ တိတိကျကျ သဘော တူညီချက်များ မရရှိသေးကြောင်း သိရသည်။