CNI News
၂၀၂၅ ခုနှစ်၊ မတ် ၁၇

ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များအား ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်၌ အိန္ဒိယနိုင်ငံက Think Tanks အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက CNI သတင်းဌာန သို့ ပြောသည်။

ထိုဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အများစု ပါဝင်သလို NSPNC အတွင်းရေးမှူး၊ တခြားသော လူပုဂ္ဂိုလ်များလည်း ပါဝင်သည်။

အဆိုပါ လူပုဂ္ဂိုလ်များနှင့် အိန္ဒိယတွင် အကြီးဆုံး လွတ်လပ်သော Think Tanks အဖွဲ့ဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယ ကောင်စီ(ICWA)တို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NSPNC မှ ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်အား အိန္ဒိယနိုင်ငံ သို့ သွားရောက်‌လေ့လာခဲ့သည်။

အိန္ဒိယခရီးစဉ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်(EAO) ၆ ဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးစင်တာ(CPR) တို့မှ ကိုယ်စားလှယ် ၂၀ ကျော် ပါဝင်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်ထိ အိန္ဒိယသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်များကိုတွေ့ရစဉ်

 

အဆိုပါ အိန္ဒိယခရီးစဉ်သည် နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိဖြစ်ပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများကြားက အာဏာခွဲဝေမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။

အိန္ဒိယသည် လွတ်လပ်‌ရေး ရပြီးကတည်းကပင် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေ ပျက်သွားခြင်း၊ အာဏာသိမ်းခြင်းများ မရှိဘဲ အစဥ်အဆက် ပြုပြင်လာရာ ယခုဆိုလျှင် ဖွဲ့စည်းပုံပြင်ဆင်မှုသည် ၁၀၆ ကြိမ်ရှိပြီဖြစ်ကြောင်း၊ လိုအပ်သည် များအား ညှိနှိုင်းပြင်ဆင်သွားရင်း ကမောက်ကမ မဖြစ်ဘဲ ယနေ့အချိန်ထိ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတစ်ခု ဖြစ်လာသည်ကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

ထို့အတူ ညီညွတ်မျှတသော စနစ်တစ်ခု၊ အခြေခံဥပဒေတစ်ခု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လက်နက်ကိုင်ပဋိပက္ခ မြင့်မှုများ သည် နိုင်ငံအတွက် စိန်ခေါ်မှုများ ဖြစ်သောကြောင့် အနာဂတ်မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်သည့် အခါတွင် အိန္ဒိယဘက်မှ ကောင်းသော အချက်များအား ထည့်သွင်းစဉ်းစားရမည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် လျော်ညီသော အခြေခံဥပဒေတစ်ခုအား လူထုသို့ ပေးကမ်းနိုင်ရ မည်ဖြစ်ကြောင်း၊ ထိုဥပဒေသည် လက်ရှိ အကျပ်အတည်းများ အားလုံးကို ကျော်ဖြတ်နိုင်ရမည်ဖြစ်သလို ဖွံ့ဖြိုး တိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေး အခင်းအကျင်းအား ဖန်တီးပေးနိုင်သော ဖွဲ့စည်းပုံမျိုး ဖြစ်ရမည် ဟု နိုင်ငံရေးပါတီများက ထောက်ပြကြသည်။

ယခင် ၂၀၁၇ ခုနှစ်တွင် Constitutionalism နှင့် Federalism အား မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ပထမအကြိမ် လာရောက် သင်တန်းပို့ချခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် အိန္ဒိယ နိုင်ငံတွင် ဆွေးနွေးလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် မြန်မာနိုင်ငံ၌ အိန္ဒိယခရီးစဉ်အဆက်ကို ဆွေးနွေးကြမည်ဖြစ်သည်။


အဆိုပါ ဆွေးနွေးပွဲသို့ ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်၊ ဦးထက်အောင်ကျော်၊ ဒေါ်ညိုညိုသင်း၊  ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်တလညီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် တစ်ဦး၊ KSPP ပါတီမှ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ကြမည်ဟု သိရသည်။