CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးသည် တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများနှင့် NSPNC မှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ဖက်ဒရယ်ရေးရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများဘက်မှ ဦးကိုကိုကြီး၊ စိုင်းဋ္ဌေးအောင်၊ ဦးခင်မောင်စိုး၊ ဒေါ်သန်းသန်းနု၊ ဒေါက်တာအေးမောင်၊ ဒေါ်နန့်ခင်အေးဦး၊ ဦးဘရှိန်၊ နိုင်တလညီ၊ ဦးခင်မောင်စိုး၊ ဦးသက်ဇော် တို့တက်‌ရောက်ခဲ့သည်။

ထို့နောက် တစ်သီးပုဂ္ဂလ နိုင်ငံရေးသမားများ အနေဖြင့် ဦးထက်အောင်ကျော်၊ ဒေါ်စန္ဒာမင်း၊ ဒေါက်တာအောင်မျိုး၊ ဦးအန်ကောလ၊ ဒေါက်တာညိုညိုသင်းတို့ တက်ရောက်ခဲ့ပြီး EAOs များကတော့ ရဲဘော်မျိုးဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီးစောကျော်သန်းဋ္ဌေး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ခဲ့သည်။

 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်က အိန္ဒိယသံရုံးမှာ ကျင်းပသည့် ဖက်ဒရယ်အလုပ်ရုံ ဆွေးနွေးပွဲကို တွေ့ရစဉ်

အလားတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ(NSPNC)ဘက်မှ အဖွဲ့ဝင် ဗိုလ်ချုပ်စိုးနိုင်ဦး(ငြိမ်း) တက်ရောက်ခဲ့သလို တပ်မတော်မှ အငြိမ်းစား အရာရှိကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့လည်း တက်ရောက်ခဲ့ကြသည်။

ထို့ပြင် CPR မှ ဦးလှမောင်ရွှေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဦးတို့လည်း တက်ရောက် ခဲ့သည်။

အိန္ဒိယနိုင်ငံဘက်ကမူ အိန္ဒိယသံအမတ်ကြီး Mr.Abhay Thakur၊ အာသံရိုင်ဖယ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဟောင်း Mr.Pradeep Nair၊ Asian Confluence ၏ အမှုဆောင် ဒါရိုက်တာ Mr. Sabyasachi Dutta နှင့် India Foundation မှ Ms. Rami Desai တို့ တက်ရောက်၍ ဦးဆောင်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဖက်ဒရယ်ရေးရာ အလုပ်ရုံဆွေးနွေးပွဲတွင် အိန္ဒိယသည် အရှေ့မြောက်ဒေသ အခြေအနေနှင့် နာဂ လက်နက်ကိုင်များ အခြေအနေကို ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။