CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစိတ်မှာ မဟာရှမ်းနှစ်(၂၁၁၉)မှ (၂၁၂၀)သို့ အကူးအပြောင်းပွဲတော် ရှမ်းနှစ်သစ်ကူးပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ကျင်းပခဲ့ကြသည်။
အဆိုပါ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပသည့် မံစီကြီးဒေသစိတ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ထိန်းချုပ်ထားပြီး လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည်။
ဗန်းမောက်မြို့ အပါအဝင် ဗန်းမောက်မြို့၏ တောင်-မြောက်-အရှေ့ စသည့် နယ်မြေများကို KIA-PDF- ကဒူး စသည့် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
KIA-PDF- ကဒူး ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့သည်။

ထို့နောက် SNA က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင်လျက်ရှိပြီး ဗန်းမောက်မြို့နှင့် တစ်မိုင်အကွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် SNA နှင့် KIA-PDF- ကဒူး ပူးပေါင်းတပ်ဖွဲ့ကြား ဗန်းမောက်မြို့နယ်အတွင်းမှာ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ တိုက်ပွဲများ အရှိန်မြင့်နေခြင်းနှင့်အတူ ရှမ်းမျိုးနွယ်စုများသည် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာမပျက် ကျင်းပလျက်ရှိသည်။
ထိုရှမ်းနှစ်သစ်ကူးပွဲတော်ကို ကဒူးတိုင်းရင်းသားများကလည်း ပူးပေါင်း ဆင်နွှဲခဲ့သည်။
