CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉
အမေရိကန်အစိုးရက အမေရိကန်ကို ကာကွယ်ရန် District of Columbia Scam Center Strike Force(SCSF)ကို ဖွဲ့စည်း၍ Online လိမ်လည်မှုအား နှိမ်နင်းရန် ကြိုးပမ်းခြင်းက Hidden Agenda နက်နဲသည့် လျှို့ဝှက်ရည်ရွယ် ချက် တစ်ခုရှိနေနိုင်သည်ဟု မိမိတို့ သုံးသပ်ရရှိကြောင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းတွင် KK Park နယ်မြေ၊ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခတ် နယ်မြေတို့၌ အွန်လိုင်းလောင်း ကစားလုပ်ငန်းများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ ဂိုဏ်းများလည်ပတ်လျက်ရှိ သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “အမေရိကန်နိုင်ငံ အနေနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီမှာ ကျနော်တို့ တွေ့ရတာကတော့ ဒီနေ့မှာတွေ့ရတဲ့ ကြေညာချက်ဖြစ်ပါတယ်။ ဒီထဲမှာတော့ Online လိမ်လည် မှုတွေအနေနဲ့ အမေရိကန်ကို ကာကွယ်ဖို့ ဆိုပြီးတော့ District of Columbia Scam Center Strike Force ကို ဖွဲ့စည်းခဲ့တယ်။ SCSF ကို ဖွဲ့စည်းခဲ့တယ်လို့ သူတို့ ကြေညာလာတာကို တွေ့ရပါတယ်။ ဒီထဲမှာ ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံတွေကို အခြေပြုပြီးတော့ cryptocurrency နဲ့ အပါအဝင် ဆိုက်ဘာလိမ်လည်မှုတွေကို အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ဆိုပြီး ဖွဲ့စည်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ ထူးထူးခြားခြား အသုံးအနှုန်းလေးတွေ ပါတာကို ကျနော်ပြောပြချင်ပါတယ်”ဟု ပြောသည်။

KK Park နယ်မြေကို တွေ့ရစဉ်
ထို့နောက် ထူးထူးခြားခြား အသုံးအနှုန်းများက တတိယ အပိုဒ်တွင် တရုတ်နိုင်ငံ ဖြတ်ကျော် ရာဇဝတ် အဖွဲ့အစည်း များ(TCOs)များက cryptocurrency ရင်းနှီးမြှုပ်နှံမှု၊ လိမ်လည်မှုများနှင့် ယုံကြည်မှု၊ လိမ်လည်မှု အမျိုးမျိုးကို အသုံးပြုပြီး နေ့စဉ် အမေရိကန်များ၏ စုဆောင်းငွေများ အသက်များကို ခိုးယူလျက်ရှိသည်ဆိုတာ တွေ့ရကြောင်း၊ နောက်တစ်ပိုဒ်၌ လိမ်လည်မှု စင်တာများသည် အမေရိကန်မှ တရုတ်ရာဇဝတ်ဂိမ်းများ၏ အိတ်ကပ်ထဲသို့ မျိုး ဆက်တစ်ခုပြီးတစ်ခု ချမ်းသာကြွယ်ဝမှု ရှိအောင်ဖန်တီးနေသည်ဟု စွပ်စွဲထားကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒါတွေကို သုံးသပ်ကြည့်ရင် ဒီနိုင်ငံအနေနဲ့ ခုနက ပြောတဲ့ Online လိမ်လည်မှု၊ Online လောင်းကစားမှု တိုက်ဖျက်ရေးဆိုတာထက် Hidden Agenda နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် တစ်ခုရှိနေနိုင် တယ်လို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည် ဂိုဏ်းများနှင့် လုပ်ငန်းများကို မုလအိအလင်းကုမ္ပဏီ၊ Tran-Asia International Holding Group(Thailand)ကုမ္ပဏီ၊ Myanmar Yatai International Holding Group ကုမ္ပဏီ၊ Chongkhaed Garden Resort ကုမ္ပဏီတို့ ပါဝင် ပတ်သက်လျက်ရှိသည်။
အလားတူ အွန်လိုင်းလိမ်လည် ဂိုဏ်းများနှင့် လုပ်ငန်းများ လည်ပတ်နေသော နယ်မြေများကို KNU၊ KNLA၊ DKBA၊ BGF တို့ ထိန်းချုပ်နယ်မြေများဖြစ်သလို ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း သိရသည်။

KK Park နယ်မြေကို တပ်က ရှင်းလင်းနေစဉ်
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ မြဝတီမြို့နဲ့ အလှမ်းကွာဝေးတဲ့ ခုနက နယ်မြေတွေမှာ တိုင်းရင်းသား လက်နက်ကိုင် EAOs၊ KNU၊ KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံ တပ်ဖွဲ့တွေ ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒီလူတွေကိုပဲ ချဉ်းကပ်ပြီးတော့ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေက အဲလူတွေနဲ့ ဆက်စပ်ပြီးတော့ ဒီလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ မြဝတီမြို့နဲ့ အနီး တစ်ဝိုက်ကို ကျနော်တို့ လွှမ်းမိုးနိုင်တဲ့ နေရာတစ်ဝိုက်မှာ Online လောင်းကစားမှု တိုက်ဖျက်ရေးတွေ စတင် ဆောင်ရွက်ခဲ့တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် လုပ်ငန်းများကို အမြစ်ပြတ် ချေမှုန်းမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် လုပ်ငန်းများ နှိမ်နင်းရေးအတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု Task Force ကိုဖွဲ့စည်းထားသလို မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Trilateral Cooperation)ကို ဖွဲ့စည်းထားသည်။
ထို့ပြင် တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအို-ဗီယက်နမ် ၆ နိုင်ငံ အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက် ရေး အစည်းအဝေးကိုလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်က မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေး ၍ ပူးပေါင်းလျက်ရှိသည်။
