CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁
ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပသွားမည်ဟု နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က ပြောသည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)ကို အပိုင်း(၂) ကျင်းပပြီး နှစ်ပတ်ခြား အကြာမှာ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၄၈ ရက်သာ လိုတော့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပသွား မှာဖြစ်ပါတယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်း ရွေးကောက်ပွဲ အပိုင်း(၂)ရဲ့ နှစ်ပတ်ခြား အကြာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံး ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည်။
ထို့နောက် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်ထိ ရွေးကောက်ပွဲ ၆ ကြိမ်၊ ပါလီမန်ခေတ် (၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်)မှာ ရွေးကောက်ပွဲ ၃ ကြိမ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်)မှာ ရွေးကောက်ပွဲ ၄ ကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(၁၉၈၈- ၂၀၁၀)မှာ ရွေးကောက်ပွဲ ၁ ကြိမ်၊ ဒီမိုကရေစီခေတ် (၂၀၁၀ ကနေ ယနေ့အထိ) ရွေးကောက်ပွဲ ၆ ကြိမ် (ထို ၆ ကြိမ်တွင် ရွေးကောက်ပွဲ ၃ ကြိမ်နှင့် ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ်ဖြစ်သည်) စသဖြင့် ကျင်းပခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
