CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဆုတ်ခွာသွားမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ် မြို့နယ်ကို KIA-PDF ပူးပေါင်းတပ်များမှ နေရာယူလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုကြောင့် မြန်မာ့တပ်မတော်နှင့် TNLA တို့အကြား (၉) ကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၂၉ ရက်မှ စတင်ကာ အပစ်အခတ်ရပ်စဲ၍ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ TNLA က ဆုတ်ခွာမည်ဖြစ်သည်။
ထိုသို့ ကြေညာပြီးနောက် ရှမ်း-မန်း နယ်စပ်စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပြီး နွေဦးတော်လှန်ရေး ကာလ အတွင်း သိမ်းယူခဲ့သည့် ထိန်းချုပ်စိုးမိုးနယ်မြေများအား အလွယ်တကူ လက်လွှတ်ရန်မရှိကြောင်း MDY-PDF က ထုတ်ဖော် ပြောဆိုထားသည်။
ထို့ကြောင့် မိုးမိတ်မြို့တွင် KIA-PDF ပူးပေါင်းတပ်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

MDY-PDF တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်းက မိုးမိတ်ဘက်မှာတော့ မိုးကုတ် အဆက်ဘက်ပေါ့လေ၊ မိုးမိတ်ဘက် မှာတော့ အဲဒီဘက်မှာတော့ တိုက်ပွဲဖြစ်လာနိုင်ပါတယ်၊ ပြင်းပြင်းထန်ထန်ပေါ့နော်။ အဓိက,ကတော့ မိုးမိတ်က TNLA ဆုတ်တယ်လို့ စစ်ကော်မရှင်နဲ့ သဘောတူပေမယ့် အခုအဓိက အဲဒီမှာရှိနေတဲ့ PDF တွေနဲ့ KIA တွေက လက်မခံဘူးလေ။ အရင်တုန်းကလည်း မိုးမိတ်ကိုလည်း KIA အနေနဲ့ ဝင်တိုက်ပြီးတော့မှ တစ်ပတ်၊ နှစ်ပတ် လောက် ထိန်းသိမ်းထားတဲ့အဆင့် ဖြစ်သွားတယ်။ နောက်ပိုင်းကြတော့ TNLA ပြန်တိုက်မှသာ TNLA စိုးမိုးနယ်မြေ အဖြစ် ပြန်လည်ကျရောက်တာပေါ့နော်။ လက်တွေ့အားဖြင့်ကတော့ အဓိက,ကတော့ မိုးမိတ်ဘက်မှာကတော့ KIA နဲ့ PDF ပူးပေါင်းတပ်က နေရာပြန်ယူနိုင်တယ်။ အဲဒီလိုဆိုရင် စစ်ကောင်စီနဲ့ တိုက်ပွဲပြန်ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
မိုးမိတ်မြို့ မြောက်ဘက်ရှိ မဘိမ်းမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် KIA, AA, ABSDF, KPDF ပူပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ကြသေးသော်လည်း ပြန်လည် လက်လွှတ်ခဲ့ရသည်။
ထို့ကြောင့် TNLA တို့ဘက်မှ ဆုတ်ခွာမည်ဟု သတင်းထုတ်ပြန်ပြီးနောက် လက်ရှိတွင် မိုးမိတ်ခရိုင် ဘေးကင်း လုံခြုံရေး KIA နှင့် PDF များ စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့မှာ TNLA သာ ကျန်ရှိနေခြင်းဖြစ်သော်လည်း မကြာသေးမီက နှစ်ဖွဲ့ကြား နိုင်ငံရေးသဘောတူညီမှု ရရှိခဲ့သဖြင့် အပစ်အခတ် ရပ်စဲလိုက်ကြပြီဖြစ်သည်။
ထိုအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များသည် မြန်မာ့တပ်မ တော်နှင့် အပစ်အခတ်ရပ်စဲထားပြီ ဖြစ်သောကြောင့် ရှမ်းပြည်မြောက်ပိုင်းရှိ အခြားဒေသများ၌ စစ်ရေးလှုပ်ရှားမှု များ မြင်ရနိုင်ဖွယ် မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

TNLA နဲ့ PDF ကိုတွေ့ရစဉ်
၎င်းက “အခု အခြေအနေ ကြည့်တာကတော့ ရှမ်းပြည်မှာ လက်ရှိ စစ်ကောင်စီကို တိုက်ပွဲဆင်နွှဲနေတာက ရှမ်းပြည် ဒီဘက် တိုင်းရင်းသားလက်နက်ကိုင်ဆို TNLA ပဲ ရှိတယ်လေနော်။ အခု ဥပမာ SSPP ဆိုရင်လည်း bilateral agreement ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးထားတယ်။ RCSS ဆိုရင်လည်း တစ်နိုင်ငံလုံး အဆင့် NCA လက်မှတ် ရေးထိုးထားတယ်။ အဲဒီလို အခြေအနေလည်း ရှိနေတယ်ဆိုတော့ တခြားဒေသကတော့ တိုက်ပွဲ ပြင်းထန်လာမယ့်ပုံ၊ တိုက်ပွဲဖြစ်လာမယ့်ပုံတော့ မတွေ့ရပါဘူး။ ရှမ်းပြည်မြောက်ပိုင်း တခြားဒေသက တော့ ထူးထူးထွေထွေ စစ်ရေးလှုပ်ရှားမှုတွေ စစ်ကော်မရှင်နဲ့ တိုက်ပွဲ ဖြစ်လာမယ့် တပ်တွေကတော့ မမြင်ရဘူး ပေါ့နော်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တို့နှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်ကို တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။
ထိုသို့ တိုက်ပွဲ ဖော်ဆောင်ကြရာတွင် EAO-PDF ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေများ သိမ်းပိုက် ရယူနိုင်ခဲ့သော် လည်း အိမ်နီးချင်း နိုင်ငံများက ကြားဝင်စေ့စပ်မှုများကြောင့် တွေ့ဆုံဆွေးနွေးကြစဉ် မြန်မာ့တပ်မတော်နှင့် EAO တို့သာ သဘောတူညီချက်များ ရရှိခဲ့ကြပြီး သိမ်းပိုက်ရရှိထားသည့် မြို့များကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြ သည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့စဉ်က နွေဦးတော်လှန်ရေး အင်အားစုများ ဘက်မှ တစ်စုံတစ်ရာ လက်မခံသည့် သဘောထားမျိုး မပြခဲ့ကြသော်လည်း MNDAA နယ်မြေများအတွင်းကနေ ထွက်ခွာခဲ့ကြရသည်။
သို့သော် TNLA ဘက်မှ မြို့နှစ်မြို့ကို ပြန်လည် ဆုတ်ခွာပေးစဉ်တွင်မူ လက်မခံသည့် သဘောထားများ ပြသမှု အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများရှိသည်။
တခြား တစ်ဖက်မှာလည်း KIA သည် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လျှို့ဝှက်ညှိနှိုင်းမှုများရှိနေ ပြီး တွေ့ဆုံ ဆွေးနွေးရန် သဘောတူထားပြီဖြစ်သည်။
