CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂

ပြည်သူလူထုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရခြင်းကြောင့် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု အားနည်းနေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ဒုတိယပတ်ထိ သက်ဆိုင်ရာ မြို့နယ်များရှိ ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲရုံးများမှာ ကြေညာခဲ့သည်။

သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် ပြည်သူလူထုသည် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှု မရှိဘဲ ဖြစ်နေကြသည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက ထောက်ပြလျက်ရှိသည်။

ရွေးကောက်ပွဲတွင် မဲပေးကြမည့် ပုဂ္ဂိုလ်များ၊ မဲရုံကို ရောက်မလာနိုင်သည့် အင်အားစုများ၊ လူငယ်များ၊ အမျိုး သမီးများကမူ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာကို ထင်ထင်ရှားရှား တွေ့ရကြောင်း ရန်ကုန်စောင့် ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

 အထည်ချုပ် စက်ရုံတစ်ခုကို တွေ့ရစဉ်

၎င်းက “အခု အနေအထားမှာတော့ လူငယ်အများစု အိမ်ရှင်မတွေလည်း ပါတာပေါ့။ အိမ်ရှင်မတွေ လူငယ်တွေ ဒီလိုမဲပေးဖို့အတွက် ဘယ်လိုပြောမလဲ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ မဲရုံကို ရောက်မလာနိုင်တဲ့ အင်အားစုတွေ၊ လူငယ်တွေ၊ အမျိုးသမီး တွေကတော့ ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှု မရှိတာကို တွေ့နေရတယ် အထင်း သားကြီးပဲ။ အခုကတော့ ပိုပြီး‌တော့ ပြည်သူလူထုက စားဝတ်နေရေးအတွက် လူငယ်တွေဆိုလည်း သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကြိုးစားရုန်းကန် နေရတာဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှုကတော့ အတော် လေး နည်းနေတာရှိတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ် သည်။

မြန်မာနိုင်ငံရေး၏ အဓိက အကျပ်အတည်းက လက်နက်ကိုင်ကိစ္စကို မည်သို့ ရှင်းမည်လဲဆိုသည့် ကိစ္စဖြစ်ပြီး ထိုသို့ ရှင်းနိုင်မှ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရန် လမ်းစပြန်ရနိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

စစ်ပွဲကြောင့် တိမ်းရှောင်နေကြရသူများကို တွေ့ရစဉ်

၎င်းက “ဒါကတော့ ခေတ်ရော အနေအထားရော၊ အားလုံးက အဲ့ဒီဘက်ကို တွန်းပို့နေကြတာပေါ့လေ။ ဒါပေမယ့် လို့ ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲပဲ။ အဲ့တာကြောင့် ရွေးကောက်ပွဲကြီးသည် စားဝတ်နေမှုကြောင့် စိတ်ဝင် စားမှု မရှိဘူးဆိုတာထက် ဖြေရှင်းနိုင်တဲ့ လမ်းစတိုတွေ လူလတ်၊ လူကြီးပိုင်းကရော မြင်သွားနိုင်တဲ့ အနေအထား လည်း ရှိနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်အောင်လည်းပဲ ပတ်ဝန်းကျင် နိုင်ငံများဘက်ကရော ကမ္ဘာကြီး အနေအထား ကရော တွန်းပို့ပေးနေတယ်လို့ မြင်ပါတယ်။ ဘာလို့ဆိုရင် စစ်ကြောင့်ဖြစ်တဲ့ ဒီစစ်ဒဏ်ပေါ့ နိုင်ငံရေးအရ မဖြေရှင်း နိုင်သေးတဲ့ အနေအထား အားလုံးပေါ်မှာ လူထုကတော့ဖြင့် တော်တော် အတွေး နက်နက် ကျယ်ကျယ် ပြန့်ပြန့် တွေးလာကြပြီလို့ ထင်ပါတယ်။ ဒါကြောင့် အကျပ်အတည်းကြီးပေါ့၊ အဲ့ဒီမှာ စားဝတ်နေရေး ပြဿနာဆိုတာက တော့ ကြီးတာပေါ့။ ဒါပေမယ့် အဓိက အကျပ်အတည်းက မြန်မာနိုင်ငံရေးရဲ့ လက်နက်ကိုင်ကိစ္စကို ဘယ်လိုရှင်းမှာ လဲ ဆိုတဲ့ဥစ္စာ။ အဲ့ဒီ ဥစ္စာရှင်းနိုင်မှပဲ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ဖို့ လမ်းစပြန်ရနိုင်မယ် ဆိုတဲ့ဘက်နဲ့ ရွေးကောက်ပွဲသည် အရွေ့တစ်ခု အဖြစ်နဲ့ပဲ ပြောင်းချင်လာစတော့ ပြုမယ်ထင်တယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် ရွေးကောက်ပွဲ မဲပေးရေး ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေသလို မဲစာရင်းသွားရောက် ကြည့်ရှုနှုန်းလည်း အလွန်နည်းပါးလျက်ရှိနေသည်။ 

ထိုသို့ ဖြစ်တည်နေရခြင်းမှာ စားဝတ်နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် နေ့စဉ် ရုန်းကန်နေရသလို ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု နွေဦးတော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားခြင်းကြောင့်လည်း ဖြစ်သည်။