CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ရှေ့နေများက ဘီဘီစီ သတင်းဌာနကို ဒေါ်လာ ၁ ဘီလျံ ပေးရန် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ထားသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။

ဘီဘီစီ သတင်းဌာန အနေဖြင့် ထရမ့်၏ အငြင်းပွားဖွယ် မှတ်တမ်း ဗွီဒီယိုကို နိုဝင်ဘာ ၁၄ ရက်တွင် ရုပ်သိမ်းရမည် ဖြစ်ကြောင်း သို့မဟုတ်ပါက ဒေါ်လာ ၁ ဘီလျံထက် မလျော့နည်းသည့် ငွေကြေးကိုပေးရန် တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ထရမ့်၏ ရှေ့နေများက ပြောကြားခဲ့သည်။

ဘီဘီစီ သတင်းဌာန၏ Panaroma အစီအစဉ်က ထုတ်လွှင့်ခဲ့သည့် ရုပ်သံဗွီဒီယိုသည် ကြည့်ရှုသူများကို နားလည် မှု လွဲများစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တင် ဒေးဗစ် (Tim Davie) နှင့် သတင်းအကြီးအကဲ ဒီဘိုရာ တန်းနက်စ် (Deborah Turness) တို့သည် နိုဝင်ဘာ ၉ ရက်တွင် ၎င်းတို့၏ ရာထူး များမှ နုတ်ထွက်သွားခဲ့သည်။

ထိုရုပ်သံ အစီအစဉ်တွင် ထရမ့်၏ မိန့်ခွန်းများထဲမှ မတူညီသည့် အပိုင်း ၂ ခုကို သီးခြားခွဲထုတ်ပြီး တည်းဖြတ် ထုတ်လွှင့်ခဲ့သဖြင့် ထရမ့်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အအုံ စီးနင်း ခံရမှု၌ သွေးထိုးလှုံ့ဆော်ပေးသည့် ပုံစံမျိုး ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထရမ့်၏ တရားရေးအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးကလည်း ဘီဘီစီ သတင်းဌာနကို စာတစ်စောင် ပေးပို့ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဘီဘီစီ သတင်းဌာနသည် ထရမ့်ကို အသရေဖျက်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

“သမ္မတထရမ့်က ဒီလိမ်ညာမှုတွေ၊ လှည့်စားမှုတွေနဲ့ သတင်းအမှားတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ထိုကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ဘီဘီစီ သတင်းဌာနကလည်း ၎င်းတို့ထံ ပေးပို့ခဲ့သည့် စာထဲတွင် နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထားပြီး ထရမ့်၏ မှတ်တမ်း ဗွီဒီယိုကို ဖျက်ပေးရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ထိုပေးစာကို လေ့လာသုံးသပ်ပြီး သင့်တော်စွာ တုန့်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဘီဘီစီ ဥက္ကဋ္ဌ ဆမ်မီယာ ရှား (Samir Shah) ကလည်း ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ ထုတ်လွှင့်ခဲ့ သည့် Trump: A Second Chance?  ဟု အမည်ပေးထားသော ထိုရုပ်သံ ထုတ်လွှင့်မှုတွင် အမှားအယွင်း ပါသွားခဲ့သည့်အတွက် တောင်းပန်စကား ပြောကြားခဲ့သည်။

Source: DW