CNI International News

နယူးယောက်၊ မတ်လ ၂၃

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဖမ်းဆီးခံရနိုင်ခြေရှိသည်ဟုဆိုကာ ထရမ့်ထောက်ခံသူများက နယူးယောက်မြို့သို့ အလုံးအရင်းဖြင့် စုဝေး ရောက်ရှိလာခြင်းကြောင့် နယူးယောက်ရဲတပ်ဖွဲ့(NYPD)သည် အင်အား ၃၆၀၀၀ လုံးကို လုံခြုံရေးချထားရန် အမိန့်ပေးခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများသည် ၎င်း(ထရမ့်)ဖမ်းဆီး ခံရနိုင်ခြေရှိသည့် ဗုဒ္ဓဟူးနေ့တွင် နယူးယောက် (New York) မြို့သို့ အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့သည်ဟု Foxnews တွင် ဖော်ပြထားသည်။

မန်ဟက်တန် (Manhattan)ခရိုင် အစိုးရရှေ့နေ အဲလ်ဗင် ဘရက်(Alvin Bragg)၏ ရုံးပြင်ပတွင် ထရမ့်ကို ထောက်ခံသော ဆန္ဒပြသူများ စုဝေးလျက်ရှိနေသည်။

လူပေါင်းများစွာ လာရောက်ကြရန် မျှော်လင့်သည်ဟု ထရမ့်အား ထောက်ခံသူတစ်ဦးက ပြောသည်။

သမ္မတဟောင်း ထရမ့်အား တရားစွဲဆိုမှုသည် အင်္ဂါနေ့တွင် ဖြစ်နိုင်ခဲ့ဖွယ်မရှိဟု ဥပဒေရေးရာ အာဏာပိုင်များက ပြောခဲ့ပြီး အစောဆုံး ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိလည်း ဖြစ်လာနိုင်ဖွယ် မရှိဟုဆိုသည်။

ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

ထရမ့်သာ အမှန်တကယ် တရားစွဲခံရမည်ဆိုလျှင် ၎င်းကို ထောက်ခံကြသူများသည် လမ်းပေါ်ထွက်လာနိုင်ဖွယ် ရှိနေသည်။

ထို့နောက် ကြိုတင် ပြင်ဆင်မှုအနေဖြင့် နယူးယောက်ရဲတပ်ဖွဲ့(NYPD)သည် ၎င်းတို့၏ အင်အား ၃၆၀၀၀ လုံးကို အင်္ဂါနေ့တွင် ထရမ့်အဖမ်းခံရမည်ဟု ယူဆချက်ဖြင့် ကြိုတင် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။

အမေရိကန် ကတ်ပီတိုရဲတပ်ဖွဲ့(USCP)ကလည်း တရားစွဲခံရမည်ဟု ယူဆသောကြောင့် အတားအဆီးများ လုပ်ဆောင်ခြင်း၊ လူအင်အား ဖြည့်တင်းပေးရန် တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြသူ အနည်းငယ်သာ ရှိခဲ့ပြီး ထရမ့်လည်း အဖမ်းမခံခဲ့ရပေ။

ထရမ့် အဖမ်းခံရနိုင်ခြေရှိမှု အခြေအနေအတွင်း အမေရိကန်ရှိ လုံခြုံရေးဌာနများသည် မန်ဟက်တန်ရှိ နယူးယောက် ရဲတပ်ဖွဲ့ရုံးချုပ်တွင် တနင်္လာနေ့က တွေ့ဆုံရန် စီစဉ်ထားခဲ့ကြသည်။

ယင်းကို နယူးယောက်ရဲတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲ၊ ထောက်လှမ်းရေး ဌာန၏ နယူးယောက်ရုံး၏ အကြီးအကဲနှင့် မန်ဟက်တန် အစိုးရရှေ့နေရုံးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။

ဒေါ်နယ်ထရမ့်ထောက်ခံသူများကိုတွေ့ရစဉ်

ဘရက်၏ ရုံးမှ တရားစွဲဆိုမည်ဆိုလျှင် ထရမ့်သည် အမေရိကန် သမိုင်းတွင် ရာဇဝတ်မှုအတွက် တရားစွဲခံရသည့် ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်ခြင်း စွဲချက်ဖြင့် ထရမ့်သည် တရားစွဲခံရနိုင်ခြေ ရှိနေခြင်း ဖြစ်သည်။

သို့သော် ထိုသို့သော တရားစွဲဆိုမှုက ပြောင်းပြန်ရလဒ်များ ထွက်လာကာ ထရမ့်နှင့် ပတ်သက်သည့် တခြား စုံစမ်းစစ်ဆေးမှု နှစ်ခုအပေါ် ပိုမိုခက်ခဲလာစေမည်ကို ဒီမိုကရက်တစ် တချို့က စိုးရိမ်လျက်ရှိသည်။

Source: Foxnews