CNI International News

နယူးယောက်၊ ဖေဖော်ဝါရီ ၂၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ယူကရိန်းအရေး မူဝါဒသည် တတိယကမ္ဘာစစ်ကို ဖြစ်စေနိုင်သည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဘိုင်ဒန်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၊ နားလည်မည်ဆိုလျှင် သူသည် စနစ်တကျ လုပ်ဆောင်နေသည့်တိုင် ဘာကို လုပ်နေသလဲကို မသိကြောင်း၊ ထိုလုပ်ရပ်က တတိယ ကမ္ဘာစစ်ကြီးအထိ ဖြစ်စေနိုင်ကြောင်း၊ ရူးနှမ်းမှုဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

တနင်္လာနေ့က ဖလော်ရီဒါရှိ ၎င်းအား ထောက်ခံသူများနှင့် တွေ့ဆုံရာတွင် ထရမ့်က “၎င်းအနေဖြင့် သမ္မတရာထူး အား ပြန်လည် ရွေးချယ်ခံရပါက ယူကရိန်းနိုင်ငံမှ အခြေအနေများအတွက် အမြန်ဆုံး အဖြေရှာရေး ရုရှားနှင့် ယူကရိန်းမှ သမ္မတများကို ဆက်သွယ် ပြောဆိုသွားမည်”ဟု ပြောခဲ့သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားသည် ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်၍ ကျူးကျော်တိုက်ခိုက်ခဲ့ရာ ယခုဆိုလျှင် တစ်နှစ် ပြည့်တော့မည်ဖြစ်သည်။

အဆိုပါ ယူကရိန်းစစ်ပွဲတွင် အမေရိကန်သည် ယူကရိန်းအား လက်နက် ခဲယမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိသလို ရုရှားအား သံတမန်နည်းလမ်းအရလည်း ဖိအားပေးလျက်ရှိနေသည်။

ထို့နောက် ရုရှားနှင့် အမေရိကန်ကြားမှာလည်း ဆက်ဆံရေး တင်းမာလျက်ရှိနေပြီး ရုရှားက နျူကလီးယား ခြိမ်းခြောက်မှုများပင် လုပ်လာလျက်ရှိသည်။

ထိုအခြေအနေများကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာရှိ ကျွမ်းကျင်သူများက သုံးသပ် နေကြသည်။

Source: တာ့စ်