CNI International News

မော်စကိုဧပြီ ၁၇

ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ မိုစကာဗာ(Moskva) စစ်သင်္ဘော နစ်မြှုပ်သွားပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းက ကြေညာခဲ့သည်ဟု အိန္ဒိယသတင်းဌာနဖြစ်သည့် NDTV.com မှ ရေးသား ဖော်ပြထားသည်။

အဆိုပါ စစ်သင်္ဘောသည် မတော်တဆ မီးလောင်မှုဖြစ်ပွား၍ ပျက်စီးသွားကြောင်း ရုရှားက ပြောကြားသော်လည်း ယူကရိန်း ကတော့ “မော်စကို၏ ပင်လယ်နက်ရှိ ရေတပ်၏ ထင်ရှားသည့် စစ်သင်္ဘောကို မိမိတို့ထံမှ နက်ပကျွန်းဒုံးကျည်ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် သင်္ဘောနစ်မြှုပ်မှု ဖြစ်စဉ်သည် ကရင်မလင်၏ အဓိကဝါဒဖြန့်ချိရေး အာဘော်ဖြစ်သည့် Russia 1 ရုပ်သံ ထုတ်လွှင့် ချက်တွင် မီးလောင်ပျက်စီးခြင်းကြောင့် နစ်မြှုပ်ခဲ့ရကြောင်း ဖော်ပြထားသည်။

နစ်မြှုပ်သွားတဲ့ ရုရှားရဲ့ Moskva စစ်သင်္ဘော(ရိုက်တာ)

“အဲဒီဖြစ်စဉ်ဟာ အရှိန်မြင့်လာတဲ့အတွက် တတိယကမ္ဘာစစ်လို့ ပြောလို့ရနေပြီ။ ဒါက လုံးဝကို သေချာနေပါတယ်” ဟု ရုပ်သံ အစီအစဉ် တင်ဆက်သူ အော်ဂါစကာဘီရဲဗာက တည်ငြိမ်အေးဆေးစွာဖြင့် ရုပ်သံကြည့်ရှုနေသည့် ပရိသတ်များကို အသိပေး ပြောကြားခဲ့သည်။

“အခု ကျနော်တို့ဟာ နေတိုးကိုယ်တိုင် မဟုတ်ရင်တော့ နေတိုးရဲ့ အခြေခံ အဆောက်အဦတွေကို ကျိန်းသေပေါက် တိုက်ခိုက် နေရပြီ ဖြစ်ပါတယ်။ ဒါကို အသိအမှတ်ပြုဖို့ လိုပါတယ်” ဟု အော်ဂါစကာဘီရဲဗာက ထပ်လောင်း ပြောကြားခဲ့သည်။

တခြား ရုရှားရုပ်သံချန်နယ် တစ်ခုတွင်လည်း သတင်းကြေညာသူက “ယူကရိန်းဟာ နောက်ထပ် ရန်စမှုတွေ၊ သွေးထွက် သံယို မှုတွေနဲ့ မတွေးဝံ့စရာတွေကို အနောက်အုပ်စုအလိုကျ လုပ်ဆောင်ပြနေပါတယ်” ဟု ထုတ်လွှင့်ခဲ့သည်။

တစ်ချိန်တည်းမှာပင်  ယူကရိန်း ပဋိပက္ခကို တတိယကမ္ဘာစစ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်း ရုပ်သံလိုင်းက ဧပြီ ၁၅ ရက် ညပိုင်းထုတ်လွှင့်ခဲ့သည်ဟု newsmax.com က ဖော်ပြခဲ့သည်။

Russia 1 ရုပ်သံလိုင်းမှ တင်ဆက်သူ အော်ဂါစကာဘီရဲဗာ

Russia 1 ရုပ်သံလိုင်းမှ တင်ဆက်သူ အော်ဂါစကာဘီရဲဗာ၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်သတင်းဌာန Metro News ကလည်း အလားတူ သတင်းဖော်ပြခဲ့သည်။

ရုရှားတို့၏ အထင်ရှားဆုံး စစ်သင်္ဘော မိုစကာဗာသည် ပင်လယ်နက်ရေပြင်ထဲ ဧပြီ ၁၄ ရက်၌ နစ်မြှုပ်သွားပြီးနောက် ရုရှား ရုပ်သံလိုင်းတစ်လိုင်းက အထက်ပါအတိုင်း သတင်းထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ယူကရိန်းသို့ နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ပေးပို့မည်ဖြစ်သဖြင့် စုစု ပေါင်း စစ်သုံးပစ္စည်းများနှင့် လက်နက်တန်ဖိုး ၂ ဒသမ ၅ ဘီလီယံ ဆက်လက်ကူညီမည်” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။

ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် တယ်လီဖုန်း ခေါ်ဆိုပြီးနောက် ယခုကဲ့သို့ နောက်ဆုံး အကူအညီ ပေးအပ် မည့်ကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

Source: NDTV, New Max World