CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇


ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး အစွမ်းကုန် ကြိုးစားနေပါသည် ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီ ၁၇ ရက်) မြန်မာ့နှစ်သစ်ကူးနေ့တွင် ပြောကြားခဲ့သည်။


ဖြတ်သန်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြည်ကြည့်မည်ဆိုပါက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာခဲ့သည့် စိန်ခေါ်မှု အခက်အခဲများ၊ ပါတီစုံဒီမိုကရေစီလျှောက်လှမ်းမှုမှာ ရိုးသားသည့် ဒီမိုကရေစီအစား ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ကျူး လွန်မှုများကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး အကျပ်အတည်းများကို ကျော်ဖြတ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီနှစ်ဟာ စိန်ရတု လွတ်လပ်ရေးနေ့ရဲ့ အကြိုနှစ်ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျနော်တို့အားလုံး အစွမ်းကုန် ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာမှု ရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်”ဟု ပြောသည်။


ထို့နောက် မိမိအနေဖြင့် အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိကြောင်း၊ ပထမတစ်ချက်မှာ နိုင်ငံတော်ကြီး သာယာဝပြောရေး၊ ဒုတိယအချက်မှာ တိုင်းပြည် စားရေရိက္ခာပေါများရေးတို့ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

တပ်မတော်ဖြုတ်ချ၍ တိုက်ခိုက်နေတဲ့ ကယားပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့


၎င်းက “ပြည်ထောင်စုကြီး တစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်း လူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင် စား သောက်နိုင်ပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ရပါမယ်။ မြေပေါ် မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပတိုင်းသူပြည်သူအားလုံးအတွက် စားရေရိက္ခာ မပူမပင် အကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်” ဟု ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာထားသည်မှာ ယခုအထိပင် ဖြစ်သည်။


ထို့နောက် တပ်မတော် ပြန်လည် ဖြုတ်ချ၍ ဒီမိုကရေစီအင်အားစုများနှင့် NLD ဝင်များ ပါဝင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က လက်နက်ကိုင်တော်လှန်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။


အလားတူ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တခြားသော ပြည်နယ်များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသလို သတ်ဖြတ်ခံရမှုများလည်း ဖြစ်ပွားလျက်ရှိနေသည်။