CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (ဧပြီ ၁၈ ရက်) ပြင်ဦးလွင် တပ်နယ်တွင် ဥပဒေဒီပလိုမာ သင်တန်းသားများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “တပ်မတော်သားများအနေဖြင့် ဥပဒေကို သိရှိနားလည် လိုက်နာရန်လိုအပ်သည့်အတွက် ဥပဒေ သင်တန်း များကို ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက် လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ခြင်းပင်ဖြစ်တယ်”ဟု ပြောသည်။

ထို့ကြောင့် ဥပဒေ၏ အနှစ်သာရနှင့် အခြေခံကို သိရှိမှသာလျှင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ်သိရှိတတ်မြောက်အောင် သင်ယူကြစေ လိုကြောင်း၊ နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြသည် ဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေ သိသင့်သိထိုက်သည့် ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တပ်မတော်သည် ဥပဒေကို လေးစားလိုက်နာမည်ဆိုပါက ဒီမိုကရေစီ အသွင် ကူးပြောင်းကိုအတွက် အဆင်ပြေချောမွေ့နိုင်ကြောင်း၊ တပ်မတော်က ဥပဒေကို လေးစားလိုက်နာမှု အားနည်းပါက ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်းကို သတိပြုစေလိုသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ယနေ့ထိ ဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေအရ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်ကို မဖြေရှင်းနိုင်၍ ယခုအခြေအနေကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း ၎င်းက ပြောသည်။