CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၆ နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကျိုက်ဒုံမြို့နယ်တွင် ပိတ် ထားသည့် ချောင်းရေ ပြန်ဖွင့်ရန် တပ်မတော်မှ စာပို့သည့်ကိစ္စ လူထုကို ဓားစာခံလုပ်နေသည်ဟု ယူဆကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

KNU မှ ပိတ်ထားသည့် ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်ရန် ဧပြီ ၁၇ ရက်က စာပို့ထားကြောင်း၊ ပြန်မဖွင့်ပေးပါက ကွီလုံတိုင် အနီးအနားရှိ ကျေးရွာများ ပျက်စီးလိမ့်မည်ဟု ပေးပို့ထားသည့် စာတွင် ဖော်ပြထားသည်။

ပဒိုစောတောနီးက “ကျနော်တို့ အနေနဲ့က အဲဒါ စစ်ရေး၊ စစ်ရာကိစ္စဟာ သက်ဆိုင်ရာ တပ်မှူးတွေ လုပ်နေတဲ့ ကိစ္စဖြစ် တယ်လေ၊ ကျနော်တို့မှာ ထူးထူးခြားခြား ပြောစရာတော့ မရှိဘူး၊ တစ်ခုပဲ ရှိတာက ဒီလို စစ်ရေး၊ စစ်ရာနဲ့ ပတ်သက်တဲ့ အခါ မှာ တိုက်ကြခိုက်ကြတာတော့ စစ်မြေမြင်မှာ လုပ်နေတဲ့ အလုပ်ပဲလေ၊ သို့သော်ငြားလည်းဘဲ ဘာမှ မဆိုင်တဲ့ အရပ်သားတွေ ကို ဒီလိုဟာမျိုး မင်းတို့ ဒါမျိုးလုပ်မယ်ဆိုရင် ငါတို့ လူထုကို ဒီလို လုပ်ချလိုက်မယ်ဆိုတဲ့ ဟာမျိုးကတော့ အဲဒါ လူထုကို သက်သက်ဓားစာခံ အနေနဲ့ လုပ်သွားတယ်လို့ပဲ ကျနော်တို့ ယူဆလို့ရတယ်၊ အဲဒါကြောင့်မို့ ဘာဖြစ်လို့လဲဆိုတော့ ဒီလို စစ် ဖြစ်နေတဲ့ ကိစ္စကိုတော့ အရပ်သားကို ပစ်မှတ်ထားပြီး လုပ်လာတဲ့ဟာမျိုး သက်ရောက်နေတယ်ဆိုရင်တော့ ကျနော်တို့ ဘယ် လိုမှ လက်ခံလို့ မရဘူးလေ၊ စစ်တိုက်တာ တိုက်တာပေါ့၊ ဒါပေမယ့် တိုက်လို့ မနိုင်ဘဲနဲ့ အကျပ်အတည်း ပြုလာတဲ့အခါမှာ လူထုကို သွားပြီးတော့ ဖိအားပေးတယ်၊ သွားပြီးတော့ အကျပ်ကိုင်တယ် နောက် နှိပ်စက်တယ်၊ ပစ်ခတ်တယ် အဲဒါမျိုးကြ တော့ လုံးဝ မဖြစ်သင့်ဘူးလို့ ကျနော်ကတော့ အဲလို မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

စစ်တပ်က KNU ကို ပို့တဲ့စာ

အဆိုပါ စာကို တပ်မတော်၏ ကွီလုံတိုင် စစ်ဆင်ရေး ခြေကုတ်စခန်း ခမရ-၅၆၁ တပ်ရင်းက ပေးပို့ထားခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့် ရေရရှိရေး မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

ပဒိုစောတောနီးက “အမျိုးမျိုး ဖြစ်နိုင်တာပေါ့လေ၊ တောက်လျှောက်ပဲ အနည်းဆုံးက ဘာဖြစ်နိုင်လဲဆိုတော့ တိုက်ပွဲ ထပ်ဖြစ် ပြီဆိုရင်တော့ မဆီမဆိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပတ်ခတ်တာတို့၊ မထင်ရင် မထင်သလို ရွာထဲကို ဝင်လာပြီး အကုန်လုံး မီးရှို့ပစ်တာတို့ တာတွေက အများကြီး ဖြစ်နိုင်တာပေါ့၊ သူတို့ လုပ်နေကြအလုပ်ပဲလေ၊ ကျနော်တို့ ဒေသချည်းပဲ မဟုတ်ဘူး၊ တခြား နေရာတွေမှာလည်း လုပ်နေတာပဲ၊ ဆိုတော့ အဲဒါကို အထူးသဖြင့် လူထုကို ကြောက်စိတ် ဝင်အောင်လုပ်တာ နောက် ပြီးတော့ အထူးသဖြင့် တော်လှန်ရေး အဖွဲ့အစည်းတွေကို မကူညီအောင် လုပ်နေတဲ့ဟာက ဒီနည်းပေါင်းစုံပဲလေ၊ နောက် လေယာဉ်နဲ့ လာဗုံးကြဲတယ်ဆိုတာလည်း အရပ်သားပစ်မှတ်ကို သက်သက် ဒါဗုံးချလိုက်တာကလည်း လူထုက ကြောက် လန့်ပြီးတော့ မနေရဲအောင်ပေါ့၊ အဲလိုဟာမျိုးတွေက အများကြီး ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

KNU တပ်မဟာ(၆) နယ်မြေအတွင်းတွင် တပ်မတော်နှင့် KNLA၊ ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တို့အကြား မတ်လ အစောပိုင်းကစပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ပြီးပြီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က NLD အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် နွေဦးတော်လှန်ရေးမှာ ပါပါဝင်လာ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။