CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကုန်စည်ကား များ ပိတ်မိနေကြောင်း သိရသည်။

အာရှလမ်းမပေါ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ- ၆၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းတပ်ဖွဲ့ နှင့် တပ်မတော်အကြား မတ်လ ၂၇ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အာရှလမ်းပိုင်း ကော့ကရိတ်ဘက်ခြမ်း တတန်ကူး တံတားအနီးတွင် ကုန်စည်ကား (၂) စီး၊ အိမ်စီးကား (၂) မီးရှို့ဖျက်ဆီးခံခဲ့ ရပြီး ကုန်စည်ကားများ ပိတ်မိနေကြောင်း သိရသည်။

ထို့နောက် မတ်လ ၂၉ ရက်က ကုန်စည်ကားနှင့် အိမ်စီးမော်တော်ကားများကို PDF များမှ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မတ်လ ၃၀ ရက်တွင် နစကဘက်မှ ထုတ်ပြန်ခဲ့သည်။

နစက-က “ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူ နေအိမ်များအပြင် အများ ပြည်သူ သွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက် ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရန်များကို အခြေခံကာ မီးရှို့ဖျက်ဆီးခဲ့သည့် PDF များအား ဖော်ထုတ် အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက် လက် ဆောင်ရွက်နေသည်” ဟု ထုတ်ပြန်ခဲ့သည်။

 မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ် မှာ မတ်လ ၂၉ ရက်နေ့က မီးရှို့ခံရသောကားများ

အဆိုပါ ကုန်စည်ကားနှင့် အိမ်စီးကားများ မီးရှို့ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ CNI အနေဖြင့် သီခြား အတည်မပြုနိုင် သေးပေ။

ဒေသခံတချို့ကတော့ ကော့ကရိတ်- မြဝတီ အာရှလမ်း ပုံမှန်သွားလာလျှက် ရှိကြောင်း၊ ကုန်စည် စီးဆင်းမှု အနေဖြင့် ပြောင်း၊ ကြက်သွန် တင်ဆောင်ထားသည့် ၂၂ ဘီး တွဲကားများ မြဝတီသို့ တက်နေပြီဖြစ်ကြောင်း၊ ထိုင်းထုတ် အိမ်ဆောက် ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်ကားများ ဆင်းလာသည်ကို မြင်ရကြောင်း ပြောသည်။

မြဝတီ - ကော့ကရိတ် လမ်းမကြီးအား အသုံးပြုကာ KNU တပ်မဟာ-၆ နယ်မြေအတွင်း တပ်မတော်မှ တပ်အင်အားများ ပို့ဆောင် လျက်ရှိကြောင်း၊ မြဝတီ - ကော့ကရိတ် လမ်းမကြီးအား ပြည်သူလူထုများ ဖြတ်သန်းခွင့် ယာယီရပ်ဆိုင်းကြောင်း မတ်လ ၂၆ ရက်က တပ်မဟာ-၆ မှ ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၇ ရက်မှ စတင်၍ မြဝတီ - ကော့ကရိတ် လမ်းမကြီးနှင့် မြဝတီ - ဝေါလေ လမ်းမကြီးအား အသုံးပြုလျက် ယာဉ်များ ဖြတ်သန်းသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းထားကြရန်လည်း ထိုထုတ်ပြန်ချက်တွင် ထည့် သွင်း ဖော်ပြထားသည်။

ထိုနောက် အဆိုပါ ထုတ်ပြန်ချက်အား ပြန်လည်ပယ်ဖျက်သည့် ထုတ်ပြန်ကြေငြာချက် မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နှစ်ဖက် တပ်များ တင်းမာနေသည့် အခြေအနေများကြောင့် ညှိနှိုင်းရန် ခက်ခဲကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ဒေသခံ ပြည်သူလူထုများ ထိခိုက်နစ်နာမှုများ ပိုများလာကြောင်း ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) မှ နော်စေးဝါးက ပြောသည်။

 မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ် မှာ မတ်လ ၂၉ ရက်နေ့က မီးရှို့ခံရသောကားများ

၎င်းက “ဒီလိုမျိုးဆိုရင်တော့ ညှိနှိုင်းဖို့က ခက်ခဲလာမှာပေါ့၊ ပိုပြီးတော့ တင်းမာလာကြတာပေါ့၊ ဒီလိုမျိုး သွားနေမယ်ဆိုရင် တော့ နစ်နာမှာက ကိုယ့်ပြည်သူလူထုတွေပဲလေ၊ ကိုယ့်နိုင်ငံသား အချင်းချင်း ပြန်ပြီး နစ်နာကြမယ်၊ အချိန်ကြာလာလေ ပျက်စီးမှုက များလာလေပဲပေါ့၊ ဒေသခံလူထုလည်း နစ်နာတယ် တိုက်ပွဲဖြစ်ပြီ ဆိုရင်တော့ အခုဆိုရင် ထွက်ပြေးနေရတာပေါ့ နော်၊ အထူးသဖြင့် ကော့ကရိတ်ရဲ့ တောင်ပိုင်းတို့ ထွက်ပြေးနေရတာပေါ့၊ ဒေသခံလူထုတွေ ရွာကလူတွေ၊ တပ်မဟာ-၆ ဘက် က လူတွေက နစ်နာတာပေါ့၊ ဒါပေမယ့် မပြောတတ်ဘူးပေါ့နော်။ သူတို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေက အဓိက အခုဟာက လက်နက်ကိုင် အဖွဲ့အစည်းတွေပဲလေ၊ ရွာသားတွေတော့ စစ်တိုက်တာတော့ ဘယ်လိုချင်ပါ့မလဲ၊ ကျမတို့တွေလည်း အခုမှ ငြိမ်းချမ်းစပဲ ရှိသေးတယ်လေ၊ တကယ်လို့သာ အဲဒီလိုမျိုး တိုက်နေ၊ ခိုက်နေကြမယ်ဆိုရင်တော့ ပြေလည်အောင် ပြန်ညှိဖို့က တအားကို အချိန်ယူရဦးမယ်” ဟု ပြောသည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းကြီးပေါ်က တိုက်ပွဲများကြောင်း ကော့ကရိတ်တောင်ပိုင်းရှိ ဒေသခံရွာသားများ ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုများ ထိခိုက်စေခဲ့ကြောင်း သိရသည်။