CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်အတွင်းရှိ မြန်မာ - ထိုင်း အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကော့နွဲရွာ ချောင်းကူးတံတား ကျိုးကျပျက်စီးခဲ့ခြင်းကြောင့် ကုန်သွယ်ရေးအတွက် တခြား လမ်းကြောင်းကနေ ကုန်သွယ်ရန် ပြင်ဆင်နေကြသည်။

အာရှလမ်းပေါ်ရှိ ကော့နွဲရွာ ချောင်းကူးတံတားသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကျိုးကျပျက်စီးသွားခဲ့သည်။

ထို့ကြောင့် လမ်းကြောင်းတစ်ခုဖြစ်သည့် နဘူး - ထို့ကော်ကိုး(ထော့ကော်ကိုး)လမ်းပိုင်းဘက်မှ ခရီးသည်တင် ကားများနှင့် အိမ်စီးကား အသေးများ သွားလာနေသော်လည်း ကုန်တင်တွဲကားများအနေဖြင့် သွားရန် အဆင်မပြေ ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မည့် ကုန်သည်များအနေဖြင့် ပို့ကုန်တင်ပို့ရာတွင် အာရှလမ်းမကြီးကို အသုံး ပြုရန် အဆင်မပြေတော့သည့်အတွက် ကော့ကရိတ်မှ တဆင့်သော်လည်းကောင်း၊ ပင်လယ်ရေကြောင်းမှ တဆင့် သော်လည်းကောင်း ကုန်ကျစရိတ် သက်သာမည့် လမ်းကြောင်းများကို ရွေးချယ်ရန် စဉ်းစားထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ကော့နွဲရွာ ချောင်းကူးတံတားကျိုးနေစဉ်

၎င်းက “လောလောဆယ်က မြဝတီဘက်က အဆင်မပြေလောက်တော့ဘူးနော်။ မြဝတီဘက်က အဆင်မပြေတဲ့ အခါကျတော့ တခြားလမ်းကြောင်းတွေ စဉ်းစားတဲ့အခါကျတော့ သူလိုကိုယ်လိုပဲ အခု နယ်မြေ အခြေအနေအရ အခက်အခဲတွေ ဖြစ်တာပေါ့။ ဖြစ်တဲ့အခါကျတော့ ဖြစ်နိုင်ခြေရှိတာက ရန်ကုန်ကနေပြီးတော့ ပြည်တွင်း ကမ်းရိုး တန်းပေါ့နော် အဲဒါနဲ့ ကော့ကရိတ် လောက်ကိုသွား၊ ကော့ကရိတ်ကနေ နယ်စပ်ပေါ့နော်၊ အဓိကကတော့ border ကို ရောင်းမယ်ဆိုရင်တော့ ကော့ကရိတ်တို့ ဘာတို့ဘက်ကတော့ နည်းနည်း ကြမ်းသေးတယ်လေ သွားလို့လာလို့၊ ရောင်းလို့ဝယ်လို့။ ရေထွက်ပစ္စည်းတွေလည်း လက်ရှိရောင်းနေဝယ်နေတော့ အဲဒီလို သွားလို့ ရနိုင်တယ်လို့ ခန့်မှန်းတာပေါ့နော်။ ဒါပေမယ့်လည်း ဒီကနေပြီးတော့ ကမ်းရိုးတန်း သင်္ဘောနဲ့ သွားတဲ့စရိတ်ပေါ့နော်၊ ဟိုဘက်ကို ချမယ်၊ ဟိုဘက်ကို ကူးမယ့် စရိတ်တွေနဲ့ များနေမယ်ဆိုရင် ပင်လယ်ရေကြောင်းကနေပဲ တစ်ခါတည်းသွားရင် ကော စဉ်းစားရတာပေါ့။ ဒါတွေကတော့ တကယ်လုပ်ကြည့်ပြီးမှ အဓိကတော့ ကုန်ကျစရိတ်ပေါ့နော်၊ လမ်းမှာ ကုန်ကျစရိတ်ပေါ့နော်၊ အဲဒီစရိတ်တွေ အရမ်းများသွားရင်လည်း တစ်ဖက်မှာလည်း ကုန်ပစ္စည်း ဝယ်ရတဲ့နေရာမှာ ဈေးက ပေးလို့မရတော့ဘူးပေါ့နာ်။ အဲဒါကြောင့်မို့လို့ စရိတ်သက်သာမယ့် လမ်းကြောင်းမျိုး စဉ်းစားရတာပဲ” ဟု ပြောသည်။

ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ပြောင်းများသည် မယ်ဆိုင် - တာချီလိတ် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တင်ပို့၍ ရနိုင်သော်လည်း လမ်းပိုင်းသည် တောင်တန်းများ မတ်စောက်သည့်အတွက် အင်ဂျင်ပါဝါ အားကောင်းသည့် ကုန်တင်တွဲကားများသာ သွားလာနိုင်ပြီး ကုန်စည်အနည်းငယ်သာ တင်ပို့နိုင်မည် ဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့နှင့် အာရှလမ်းမကြီးတစ်လျှောက် ကရင်အမျိုးသား လွန်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသည်။

လက်ရှိ အသုံးပြုနေသည့် နဘူး - ထို့ကော်ကိုး(ထော့ကော်ကိုး) လမ်းပိုင်းသည်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေပြီး တချို့သော ကားများ ပိတ်မိနေမှုများ ရှိနေကြောင်း၊ လက်ရှိတွင် အတက်အဆင်း တစ်ရက်စီဖြင့် သွားလာ နေရသည်ဟု မြဝတီကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းမှာ သွားလာနေတဲ့ ကားများကိုတွေ့ရစဉ်

၎င်းက “အကြီးဆုံးကားက အန်စာတုံးလောက်ပဲ သွားလို့ရပါတယ်။ အဲဒီ အန်စာတုံးလောက်နဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းမျိုးတော့ သယ်တာမျိုးတော့ ရှိပါတယ်။ ကုန်စည် အများကြီးနဲ့တော့ မရပါဘူး။ ပေါ့ပေါ့ပါးပါးပေါ့နော် ဥပမာ အလှကုန်လိုဟာမျိုးပေါ့နော်၊ ပစ္စည်းသေးသေးနဲ့ တန်ဖိုးရှိတာတွေတော့ တစ်ပိုင်တနိုင် သယ်လို့ပဲ ရတယ်။ ကျန် တာတွေကတော့ ပြောင်းတွေ၊ ဆန်တွေကတော့ ၁၂ ဘီးတွဲတွေ သွားလို့မရဘူး။ အန်စာတုံးလောက်ပဲ သွားလို့ရ တယ်။ လမ်းလည်းကျဉ်းတယ်။ မြေကြီးလမ်းပေါ့နော်။ ကားကြီးသွားလို့ အဆင်မပြေသေးဘူးပေါ့။ ပိတ်မိနေတဲ့ ကားတွေတော့ အခုကတော့ သူတို့က အဆင်းတစ်ရက် အတက်တစ်ရက်နဲ့ သွားတော့ သွားနေတာပဲ။ ဆင်းလိုက် တက်လိုက်ကျတော့ မျက်နှာချင်းဆိုင်ပေါ့နော် ယာဉ်ကြောပိတ်တာတွေ အဲဒီလိုရှိတယ်။ ရှိလို့ မ ရက်ကို တက်မယ်၊ စုံ ရက်ကို ဆင်းမယ်ပေါ့နော်” ဟု ပြောသည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးသည် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သည့်အပြင် ကုန်ကျစရိတ်သက်သာပြီး အချိန်တိုအတွင်း ရောက်ရှိနိုင်သည် လမ်းကြောင်း တစ်ခုလည်း ဖြစ်သည်။

လတ်တလောတွင် အချိန်တော်တော်ကြာ ကုန်သွယ်ရေးအတွက် အသုံးပြု၍ ရနိုင်မည် မဟုတ်သေးကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံမှ သွင်းကုန်တင်သွင်းရာတွင်လည်းကောင်း၊ ပို့ကုန်တင်ပို့ရာတွင်လည်းကောင်း ပင်လယ် ရေကြောင်းဖြင့်သာ အသုံးပြုရန် အကောင်းဆုံး ဖြစ်နိုင်သည်ဟု ကုန်သည်များက ထောက်ပြကြသည်။