CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

ပြည်တွင်းပြောင်းဈေးနှုန်းသည် သင်္ကြန်ကာလနောက်ပိုင်း အနည်းငယ် မြင့်တက်လာနိုင်ကြောင်း ပြောင်း ကုန်သည်များက သုံးသပ်နေကြသည်။

သင်္ကြန်ကာလနောက်ပိုင်း ထိုင်းနိုင်ငံ၏ ပြောင်းလိုအပ်ချက်အရ ဝယ်ယူမှု မြင့်တက်လာနိုင်သည့်အတွက် ဝယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်၍ ပြည်တွင်းပြောင်းဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် မြင့်တက် လာမည်ဟု ပြောင်းကုန်သည်များက ပြောသည်။

ပြည်တွင်းရှိ တောင်သူများနှင့် ကုန်သည်များအနေဖြင့် ဈေးနှုန်း မြင့်တက်လာသည့် အပေါ်တွင် ပြောင်းများကို ထိန်း၍ ရောင်းချကြရန် လိုအပ်ကြောင်း၊ သို့မှသာ ဝယ်လိုအားနှင့် ရောင်းလိုအားမျှတပြီး ဈေးတန်းတစ်ခုသို့ ရောက်ရှိလာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထိုင်းဈေးပေါ့နော်၊ အဓိက ထိုင်းဈေးက ထိုင်းက ဝယ်တဲ့ဈေးတွေက အရင်ရက်တွေက ကျကျလာတာ။ ဒီရက်ပိုင်းက နည်းနည်း ပြန်တက်လာတယ်ပေါ့နော်။ တက်လာတယ်ဆိုတော့ ခန့်မှန်းခြေအရတော့ သင်္ကြန်ပြီးရင် လည်း သူတို့လည်း လိုအပ်ချက်အရတော့ ဝယ်ကောင်းဝယ်လိမ့်မယ်။ အဲဒီအတွက်ကို သင်္ကြန်ပြီးရင် သူတို့ဘက်က ဝယ်လာလို့ရှိရင် သူတို့လိုချင်ပြီဆိုရင်တော့ ဘာပဲပြောပြော ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ်မှာ တက်နိုင်တယ်လို့ ခန့်မှန်းတယ်ပေါ့နော်။ အခြားလည်း မျှော်လင့်ထားတာတွေ၊ မျှော်မှန်းထားတာတွေ ရှိတာပေါ့နော်။ ဒါတွေကတော့ တရားဝင် ပြောလို့လည်း မကောင်းဘူးပေါ့နော်။ ဘာပဲပြောပြော တဖြည်းဖြည်းချင်းသွားပြီး ရောင်းနေရတဲ့ အနေ အထားမျိုးမှာ တောင်သူရော၊ ကုန်သည်ရော နည်းနည်း ထိန်းပြီးတော့ ရောင်းရင်တော့ ဈေးတန်းလေးတစ်ခုကို မှီပြီးတော့ ပြောလို့ရတာပေါ့နော်” ဟု ပြောသည်။

မြန်မာ့ပြောင်းကို တွေ့ရစဉ်

သင်္ကြန်ကာလနောက်ပိုင်း ပြည်တွင်းပြောင်းဈေးနှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားကြသော်လည်း ပြောင်းကုန်သည်များအနေဖြင့် ပြီးခဲ့သည့်နှစ်များကဲ့သို့ ပြောင်းများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရန် အဆင်မပြေကြောင်း ကုန်သည်များက ပြောသည်။

ယခုနှစ်တွင် ပြောင်းဈေး အတက်အကျနှင့် ပတ်သက်၍ ခန့်မှန်းရခက်သည့် အခြေအနေ ဖြစ်ပေါ်နေပြီး ကြိုတင် သိုလှောင်ထားပါက အရှုံးနှင့် ရင်ဆိုင်ရသည့်အတွက် ပေါက်ဈေးအတိုင်း ဝယ်၍သာ ရောင်းချနေရသည်ဟု တာချီလိတ်မှ ပြောင်းကုန်သည် ကိုစိုင်းခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးတက်ရင်လည်း ကျနော်တို့က အခုနှစ်က အရင်နှစ်လို လုပ်လို့မရလို့လေ။ ခါတိုင်းနှစ်က ကျနော်တို့ အပေါ်မှာ ကြိုဝယ်ထားတာလေ။ ပွဲရုံတွေကို ကျနော်တို့ ကြိုဈေးဖြတ်ထား၊ ပိုက်ဆံ ချေထား။ အဲဒီလိုပေါ့ ငွေတွေ အကုန်လုံး ဖြန့်ထား၊ ပြီးရင် ဈေးတက်တဲ့အချိန်ဆိုရင် တာချီလိတ်ကို သယ်တာပေါ့နော်။ ဒီနှစ် အဲဒီလို လုပ်လို့ မရဘူး။ ယိုးဒယားဈေးက ကျသွားတာလေ။ တက်မယ်ထင်ရင် ကျသွားလိုက် အဲဒီလိုမျိုး ရှုံးတာလေ။ ခန့်မှန်းရ ခက်လို့။ ကျနော်တို့ အတက်ဘက် မှန်းတာပေါ့လေ။ ဒါပေမယ့် ကျဘက်ကျမြဲ ဖြစ်နေတုန်း။ ကျနော်တို့ မဝယ် ရဲတာ။ အခုက ပေါက်ဈေးအတိုင်းပဲဝယ်၊ ဝယ်ပြီးတန်းရောင်း၊ အဲဒီလိုလုပ်မှ ရတော့မှာ။ တက်ရင်လည်း တက်ဈေးနဲ့ လိုက်ဝယ်၊ ကျရင်လည်း ကျဈေးနဲ့ လိုက်ဝယ်ပေါ့။ သင်္ကြန်နောက်ကျ တက်ရင်လည်း ပေါက်ဈေး အတိုင်း ဈေးကွက်အတိုင်း လိုက်ဝယ်တာလေ။ အတက်အကျတော့ ခန့်မှန်းရခက်ပေမယ့် တက်ရင်တော့ ကောင်းတာပေါ့နော်” ဟု ပြောသည်။

မြန်မာ့ပြောင်းကို တွေ့ရစဉ်

လက်ရှိသည် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တင်ပို့ ကြရမည်ဖြစ်ကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ပြောင်းဈေးနှုန်းသည် အတက်ဘက်သို့ ပို၍ ရောက်ရှိနိုင်ပြီး ကြားကာလများတွင် အတက်အကျ တလှည့်စီ ဖြစ်ပေါ်နေမည်ဟု ကုန်သည်များက ပြောသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ပြောင်းတိုးချဲ့ စိုက်ပျိုးမှု များပြားလာခြင်း၊ ပြည်တွင်းတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် ပြောင်းတင်ပို့ရန် အခက်အခဲဖြစ်နေခြင်းနှင့် ဈေးနှုန်းအတက်ဘက်ကို စောင့်ဆိုင်းနေမှုများ ရှိနေခြင်းကြောင့် ယခုနှစ်တွင် ပြည်တွင်းပြောင်းလက်ကျန်သည် အများအပြား ကျန်ရှိနိုင်သည်ဟု ပြောင်းကုန် သည်များထံမှ သိရသည်။