CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

နိုင်ငံအတွင်းရှိ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် တခြားသော စီးပွားရေး လုပ်ငန်းများဆိုင်ရာ အချက်အလက်များ ကို ဌာနဆိုင်ရာများက သက်ဆိုင်ရာဝန်ကြီးဌာန အဆင့်ဆင့်သို့ တင်ပြရာတွင် မြေပြင် အခြေအနေနှင့်ကိုက်ညီမှု မရှိဘဲ လွှဲမှားနေပါက တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်မှု ဖြစ်စေနိုင်သည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်ကြသည်။

တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းက နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသတင်းဌာန တစ်ခုကို ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်ကို လေ့လာကြည့်ပါက နစကလူကြီးများသည် အောက်ခြေ အခြေအနေနှင့် ကိုက်ညီမှုမရှိ ဘဲ လွှဲမှားနေသည့် စီးပွားရေး သတင်းအချက်အလက်များကိုသာ ရရှိနေသလား သို့မဟုတ် သတင်းအချက်အလက် အမှန်များ တကယ်ပဲ ရရဲ့လား စဉ်းစားစရာဖြစ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံး သပ်သူများက ထောက်ပြထားကြသည်။

ကုန်သွယ်မှု ကိန်းကဏန်းများ၊ ရင်းနှီးမြှုပ်နှံမှု အချက်အလက်များ၏ စာရင်းဇယားများသည် မှန်ကန်မှု မရှိပါက ထိုလုပ်ငန်းများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် လွဲချော်မှု ဖြစ်ပေါ်သွားနိုင်ကြောင်း၊  လက်တွေ့နှင့် များစွာကွာခြားသည့် အချက်အလက်ဖြစ်ပါက တိုင်းပြည်၏ စီးပွားရေးအတွက် အန္တရာယ်ရှိနိုင်သည် ဟု ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ပို့ကုန်များကို တွေ့ရစဉ်

၎င်းက “စာရင်းဇယားမှန်ဖို့ အပိုင်းဆိုတာတော့ အရေးကြီးတယ်။ Data  ကို သူက ဘာသာပြန်တာ မှန်တော့မှ information ဖြစ်သွားတာ။ ပထမအဆင့်က data ပေါ့။ အဲဒီ data ကို ဘာသာပြန်ပြီးတော့မှ information ဖြစ် တာ။ အဲဒီ information ကို system ထဲ ထည့်ပြီး သုံးသပ်တော့မှ အဲဒီ သုံးသပ်ချက်က မှန်တာပေါ့။ အဲဒီတော့ ကဏန်းမမှန်ရင် သုံးသပ်ချက်မှားပြီ။ သုံးသပ်ချက်မှားရင် ကျန်တာအကုန် မှားပြီ။ ကျန်တာအကုန်မှားပြီဆိုတာနဲ့ အကျိုးမရှိတော့ဘူး။ အဲဒါနဲ့ မနီးမဝေးနဲ့ အဆင်မပြေတာလည်း ရှိမယ်။ လုံးဝကို တကယ့်လက်တွေ့နဲ့ လုံးဝကို ကင်းကွာတဲ့ သုံးသပ်ချက်မျိုးလည်း ဖြစ်သွားနိုင်တာပေါ့။ ဒါက အန္တရာယ် ရှိတာပေါ့” ဟု ပြောသည်။

ထို့အပြင် ကုန်သွယ်မှုတွင် ပို့ကုန်/သွင်းကုန် အချက်အလက် အမှားများ ဖြစ်ပေါ်လာပါက ပို့ကုန်/သွင်းကုန် လိုင်စင်နှင့် ပါမစ်ချပေးရာ၌ အတိုးအလျှော့များ ဖြစ်ပေါ်လာနိုင်သည်ဟု ကုန်သည်များက ပြောသည်။

ထိုသို့ ပို့ကုန်/သွင်းကုန်လိုင်စင် အတိုးအလျှော့များ ဖြစ်ပေါ်လာပါက ကုန်သည်များနှင့် လုပ်ငန်းရှင်များတွင် လုပ်ငန်းနှောင့်နှေးမှုများ၊ ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်လိုင်စင်များကို လျှော့ချထားခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သည်တွေဘက်က လုပ်ရကိုင်ရတာ အခက်အခဲ မဖြစ်ဘူးလားဆိုတော့ ဖြစ်တယ်ပဲ ပြောရမှာ ပေါ့နော်။ ဘာလို့လဲဆိုတော့ အခုတောင်မှ ပြောင်းတွေဘာတွေ ပို့တာကို ကုမ္ပဏီတစ်ခုကို လိုင်စင်တစ်စောင်ကို တန်ဘယ်လောက်ပဲ ပေးတယ်တို့ ဘာတို့ပေါ့နော်။ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ ဥပမာ သင်္ဘောတစ်စင်း တင်မယ်ဆိုလို့ရှိရင် သင်္ဘောကြီးတစ်စင်းက တန်ချိန် ၂ သောင်းနဲ့အထက်ပေါ့နော် အဲဒီလိုမျိုးတွေ ရှိတယ်။ သင်္ဘောအသေးလေးတွေကတော့ တန် ၂ ထောင်တို့၊ ၃ ထောင်တို့ ရှိတာပေါ့နော်။ အဲဒီတော့ လိုင်စင် တစ်စောင်ကို ကန်းရိုးတန်းသွား သင်္ဘောလေးတွေလောက်နဲ့ ပေးပြီးတော့ လိုင်စင်တစ်ခါတင်ရင် ဘယ်လောက်ပဲ ဆိုပြီးတော့ သင်္ဘောကြီးတွေ တင်တဲ့အခါကျတော့ နည်းနည်း အခက်အခဲ ဖြစ်ပြန်ရော။ အဲဒီတော့ စီးပွားကူးသန်း က ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုပေးလဲတော့ သေချာတော့ မသိဘူးပေါ့နော်။ မသိပေမယ့်လည်း လောလောဆယ် အခက်အခဲတော့ အဲဒီလိုတော့ အသံကြားတယ်” ဟု ပြောသည်။

အောက်ခြေလူတန်းစားကို တွေ့ရစဉ်

ပို့ကုန်လိုင်စင် ချထားပေးမှုကို ယခင်က လိုင်စင် ၁ စောင်လျှင် တန်ချိန် ပမာဏ ၂ သောင်းကျော် တင်ပို့၍ ရနိုင်သော်လည်း လက်ရှိတွင် လိုင်စင် ၁ စောင်လျှင် တန်ချိန် ၃ ထောင်ခန့်သာ ချပေးသည်ဟု သိရသည်။

ထိုတန်ချိန် ၃ ထောင်သည် ပြည်တွင်း ကန်းရိုးတန်းသွား သင်္ဘောတစ်စီးနှုန်းသာရှိပြီး ပြည်ပသို့ တင်ပို့နေသည့် သင်္ဘောတစ်စီးလျှင် တန်ချိန် ၂ သောင်းအထိ ရှိသည့်အတွက် ပမာဏများစွာ ကွာခြားလျက် ရှိနေသည်။

ခေတ်အဆက်ဆက် ဌာနဆိုင်ရာအဆင့်ဆင့် ကုန်သွယ်မှုဆိုင်ရာ ကိန်းကဏန်းအမှန်ကို ရရှိခဲ့ခြင်းနှင့် တင်ပြခဲ့ခြင်း များ မရှိသည့်အတွက် လက်ရှိကာလတွင်လည်း စာရင်းအမှန် ရရှိရန် မလွယ်ကူကြောင်း စီးပွားရေး လေ့လာသူများ က ပြောသည်။

ထို့အပြင် ဌာနဆိုင်ရာများသည် နစကဥက္ကဋ္ဌကို ပို့ကုန်/သွင်းကုန် လုပ်ငန်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်အမှန်များကို တင်ပြရန် လိုအပ်သလို လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကိုလည်း သတင်းအချက်အလက်အမှန် တင်ပြရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။