CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်း ဒေသကြီးမှ လုပ်ငန်းရှင်များဖြင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်တင်ရေး အဓိက ဆွေးနွေးခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က ပုသိမ်မြို့သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြို့မိမြို့ဖများဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် လုပ်ငန်းရှင်များက ပုသိမ်-ရန်ကုန် လမ်းပိုင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေး၊ ပုသိမ်-ငွေဆောင် သွား ကားလမ်းပေါ်ရှိ သလပ်ခွာတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေး၊ အဆင့်မီ ဘက်စုံသုံး အားကစား ကွင်း တည်ဆောက်ပေးရေး၊ နိုင်ငံတော်၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမှုတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ပီလောပီနံများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရေး၊ စပါးခွံလောင် စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME ကုန်ထုတ်လုပ်ငန်းများအား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ပုသိမ်မြို့မိမြို့ဖများက တင်ပြ ဆွေးနွေးခဲ့ ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဧရာဝတီတိုင်းဒေသကြီး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လာရောက်ခဲ့ြခင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းများ ကောင်းမွန် အောင် ဆောင်ရွက်ရန်လိုသကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတတိုင်းဒေသကြိး၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်လိုသည်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွေးသည် အမှန်တကယ် ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်း မွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် စားသုံးဆီများ ကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများ သုံးစွဲရလျက်ရှိကြောင်း၊ ဆီဖူလုံရေးနှင့် ပတ်သက် ၍ မိမိတို့နိုင်ငံတွင် အချို့နေရာများ၌ နေကြာစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
ပုသိမ်လေယာဉ်ကွင်းအား ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လို ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
