CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀

အောင်လံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း လုပ်ဆောင်မှုများ အားနည်းနေသည်ကို တွေ့ရှိရသည့်အတွက် စိုက်ပျိုးမွေးမြူရေး တိုးတက်အောင်လုပ်သင့်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် အောင်လံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလီယံခန့် လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသ တစ်ခု တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ပြောသည်။

၎င်းက “ အောင်လံမြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းလုပ်ဆောင်မှုများ အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်သဖြင့် အဆိုပါတိရစ္ဆာန် အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို မွေးမြူနိုင်ကြောင်း၊ ထိုသို့ မွေးမြူဆောင်ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမို အထောက်အကူ ပြုနိုင်မည်”ဟု ပြောသည်။

ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အောင်လံ ဒေသ အတွင်း ဝါစိုက်ပျိုးမှုများ ဆောင်ရွက်လျက်ရှိသဖြင့် ဝါနှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းများကို အခြေခံမှစ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက် နိုင်ခြင်းဖြင့် ဒေသစီးပွားတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။