CNI International News

နယူးဒေလီ၊ သြဂုတ် ၂၃

တရုတ်နှင့် အိန္ဒိယကြား ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိမဝန္တာနယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ခုကို ပြန်ဖွင့်ခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်မှုကြောင့် တိဘက်ဒေသ၏ စီးပွားရေးသည် ကြီးမား သည့် အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့ပြီး ဒေသတွင်း အာဏာအလှည့်အပြောင်းများ ဖြစ်လာစေနိုင်သည်။

ယခုသီတင်းပတ် အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ အိန္ဒိယခရီးစဉ်တွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြန်ဖွင့်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှာ ဟီမာချယ် ပရာဒေ့ရှ် (Himachal Pradesh) ပြည်နယ်ရှိ  Shipki La Pass နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၊ ဥတ္တရာခမ်း(Uttarakhand) ပြည်နယ်ရှိ Lipulekh Pass နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ဆစ်ကင်မ် (Sikkim) ပြည်နယ်ရှိ Nathu La Pass နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့ ဖြစ်သည်။

တရုတ်-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို တွေ့ရစဉ် 

ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကို ၂၀၂၀ ပြည့်နှစ်က COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများအား တားဆီးရန် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား နယ်စပ်ဒေသ ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်မှုသည် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ယခုအခါမှ ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများသည် တိဘက်နှင့် အိန္ဒိယ နယ်စပ်ဒေသများကို ချိတ်ဆက်ထားပြီး တိဘက်တွင်မူ Shigatse၊ Lhasa နှင့် Nyingchi ဒေသတို့နှင့် ချိတ်ဆက်ထားသည်။

ထိုနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအနက်  Shipki La Pass ကို ၁၉၉၅ ခုနှစ်၊ Lipulekh Pass ကို ၁၉၉၂ ခုနှစ်နှင့် Nathu La Pass ကို ၂၀၀၆ ခုနှစ်က တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံ အလုံးစုံ ကုန်သွယ်မှုများနှင့် မတူသည့်အချက်က ထိုနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများသည် အိန္ဒိယအတွက် တစ်ပန်းသာစေခဲ့ပြီး တိဘက်ဒေသမှ သွင်းကုန်များ ဝယ်ယူခြင်းထက် တိဘက်ဒေသကို ပို့ကုန်များ တင်ပို့ရောင်းချမှုက ပိုမိုများပြားခဲ့သည်။

ထိုနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုအနက် Nathu La Pass နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းက အဓိက အကျဆုံးဖြစ်ပြီး ကုန်သွယ်ရေးနှင့် လူဝင်မှုလုပ်ငန်းစဉ်များအတွက် ဆစ်ကငမ်ပြည်နယ် ချန်ဂူ (Changgu ) မြို့နှင့် တိဘက်ဒေသ၏ ရန်ချင်ဂန် (Renqinggang) မြို့ရှိ ဈေးများ၏ ထောက်ပံ့မှုကို ရရှိထားသည့် တစ်ခုတည်း သော လမ်းကြောင်းဖြစ်သည်။

Source: India Today