CNI International News
ဘေဂျင်း၊ ဩဂုတ် ၂၂
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ၃ နှစ်အတွင်း ပထမဆုံး အိန္ဒိယခရီးစဉ်အဖြစ် နယူးဒေလီ (New Delhi) မြို့တော်သို့ လာရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးသည် ကဏ္ဍသစ်တစ်ခုထဲသို့ ဝင်ရောက် လာခဲ့ဖွယ်ရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဝမ်၏ ခရီးစဉ်အတွင်း နယ်စပ်ရေးရာ သဘောတူညီမှုမှအစ တိုက်ရိုက် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အထိ သဘောတူညီချက်များ ရရှိခဲ့သည်။
ထို့ကြောင့် ယခုလကုန်ပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ယခုလကုန်တွင် တရုတ်နိုင်ငံ တီအန်ကျင်း (Tianjin) မြို့သို့ သွားရောက်မည့် ခရီးစဉ်တွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန် လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
မိုဒီသည် တီအန်ကျင်းမြို့တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထိုခရီးစဉ်သည် မိုဒီအတွက် ၇ နှစ်အတွင်း ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ကျွမ်းကျင်သူအချို့ကမူ တရုတ်နှင့် အိန္ဒိယကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန် လာခဲ့သော်လည်း ဖြေရှင်းရမည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်
ထိုစိန်ခေါ်မှုများက နှစ်နိုင်ငံ ယုံကြည်မှုကို အဟန့်အတား ဖြစ်လာစေနိုင်ပြီး တရုတ်ကလည်း အိန္ဒိယသည် အမေရိကန်၏ ကုန်သွယ်ခွန် ဖိအားကြောင့် တရုတ်ဘက်သို့လှည့်ပြီး အခွင့်အလှမ်း ရှာဖွေနေသည်ဟု ယူဆဖွယ် ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်အတွင်း ဝမ်၏ ၂ ရက်ကြာ နယူးဒေလီ ခရီးစဉ်အတွင်း နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်း နယ်စပ်ဒေသများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံစစ်သားများကြား ခိုက်ရန်ဖြစ်ပွားခဲ့သည့် ဂေါဝန် တောင်ကြား (Galwan Valley) နယ်စပ်ဒေသနှင့် ပတ်သက်ပြီးလည်း နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
အိန္ဒိယမီဒီယာများတွင်လည်း တရုတ်သည် အိန္ဒိယသို့ မြေရှားသတ္တုများ ပြန်လည်တင်ပို့ရောင်းချပေးရန် သဘော တူခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။
တရုတ်၏ မြေရှားသတ္တုများသည် အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေး စစ်ပွဲအတွင်း အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ King’s College London တက္ကသိုလ်၏ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ တစ်ဦး ဖြစ်သည့် ဟာ့ရှ် ပန့် (Harsh Pant) ကမူ တရုတ်နှင့် အိန္ဒိယကြား နယ်ပယ်ကဏ္ဍ အသီးသီးတွင် ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post