CNI International Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ဆူပူအုံကြွ မှုများ ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခွဲခန့်အကြာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံရေး ပြန်လည် တည်ငြိမ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
သို့သော် ၂၀၂၄ ခုနှစ်က ဟာဆီနာ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုများ အတွင်း ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ရှာရစ်ဖ် အော့စ်မန် ဟာဒီ (Sharif Osman Hadi) သည် ဒါကာမြို့တော်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီးနောက် တင်းမာမှုများ ပြန်လည်မြင့်တက် လာခဲ့သည်။
ဟာဒီသည် ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့တော်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီးနောက် စင်္ကာပူ နိုင်ငံရှိ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရင်း ဒီဇင်ဘာ ၁၈ ရက်၌ ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး အခင်းအကျင်းသည် ဆူပူအုံကြွမှုများ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ယခုအကြိမ် ရွေးကောက်ပွဲတွင်လည်း ထိုဖြစ်စဉ်များသည် ထူးမခြားနားပင် ဖြစ်လာလိမ့်မည်။
အစ္စလာမ်မစ်နိုင်ငံရေး အုပ်စုများ၏ အသံများသည် ပိုမိုကျယ်လောင်လာပြီး အိန္ဒိယဆန့်ကျင်ရေး လှိုင်းလုံးသည် လည်း ပိုမိုအားကောင်းလာခဲ့သဖြင့် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက် စေခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ တင်းမာမှုမှ ထွက်ပေါ်လာမည့် ရလဒ်များသည် ဒေသတစ်ခုလုံးကို ရိုက်ခတ်သွားစေနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယ ဆက်ဆံရေး သာမကဘဲ တောင်အာရှ၏ ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး အခြေအနေ၊ တရုတ်နှင့် ဆက်ဆံရေးတို့ကိုပါ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကိုတွေ့ရစဉ်
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို လှစ်ဟပြနေသည့် အကျပ်အတည်း
****************************************************************
ဟာစီနာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၏ ဆက်ဆံရေးသည် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်က ဟာဆီနာသည် ရာထူးမှ နုတ်ထွက်ခဲ့ပြီး အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ဟာဆီနာသည် ဆန္ဒပြမှုများအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သည့် အင်အားသုံး ဖြိုခွင်းမှုများနှင့်ပတ်သက်ပြီး နိုဝင်ဘာလက သေဒဏ် ချမှတ်ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခံရနိုင်ခြေမရှိပေ။
ဘင်္ဂလားဒေ့ရှ်အစိုးရကမူ ဟာဆီနာကို လွှဲပြောင်းအပ်နှံရန် အိန္ဒိယကို တောင်းဆိုထားသော်လည်း အိန္ဒိယက တုန့်ပြန်ခြင်း မရှိခဲ့ပေ။
ထိုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည့် ဖြစ်စဉ်မှာ ဒေါသထွက်နေသည့် လူအုပ်ကြီးသည် ဟာဒီ လုပ်ကြံသတ်ဖြတ် ခံရမှုနှင့်ပတ်သက်ပြီး အိန္ဒိယအပေါ် အပြစ်ပုံချခဲ့ခြင်းဖြစ်သည်။
ဟာဒီ သေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ဒေါသထွက်နေသည့် လူအုပ်ကြီးက အိန္ဒိယလိုလားသည်ဟု စွပ်စွဲခဲ့သော သတင်းစာတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ဟိန္ဒိူအမျိုးသားတစ်ဦးသည် အုပ်စုလိုက် ဝိုင်းဝန်း သတ်ဖြတ်ခံခဲ့ရသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် နောက်ထပ် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုတာလက် ဆစ်ဒါး (Motaleb Sikder) သည် ဦးခေါင်းကို သေနတ်ထိမှန်ခဲ့သည်။
သို့သော် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား တင်းမာမှုများသည် လွန်လေသော နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၏ လွတ်လပ်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုခဲ့ ကြသည်။
အိန္ဒိယကမူ ဘင်္ဂလားဒေ့ရှ်သည် ကျေးဇူးမသိတတ်ကြောင်း ယူဆထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း အိန္ဒိယ၏ မတူသလို၊ မတန်သလို ဆက်ဆံမှုကို မကျေနပ်ခဲ့ပေ။
ပြီးခဲ့သည့်နှစ်အတွင်း အိန္ဒိယသည် တရားမဝင် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများကို အတင်းအကျပ် နေရပ်ပြန်ပို့ခဲ့ သည်။ ဝေဖန်ရေးသမားများကမူ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများအား နေရပ်ပြန်ပို့သည့် အိန္ဒိယ၏ လုပ်ဆောင် ချက်သည် တရားရေး လုပ်ငန်းစဉ်များ အားနည်းနေကြောင်း ဝေဖန်ခဲ့ကြသည်။
ဟာဆီနာနှင့် ၎င်း၏ Awami League ပါတီတို့ ဖြုတ်ချခံခဲ့ရပြီး ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား အချို့သည် အိန္ဒိယဆန့်ကျင်ရေး မှတ်ချက်များကို အရှိန်မြှင့် ပြောဆိုလာခဲ့ကြသည်။
ထို့ပြင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် သံတမန်ရေးအရ အဖုအထစ်ဖြစ်စေသည့် မှတ်ချက်များကို ပြောခဲ့ပြီး ဘာသာရေး အငြင်းပွားမှုများလည်း ယှက်နွယ်လာခဲ့သည်။

အကြီးဆုံးသားဖြစ်သူ တာရစ် ရာမန်ကို တွေ့ရစဉ်
တရုတ်နှင့် ပါကစ္စတန်တို့၏ အခန်းကဏ္ဍ
*************************************
ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် ဆက်ဆံရေး ကောင်းမွန်နေချိန်က တရုတ်၊ ပါကစ္စတန်တို့နှင့် ဆက်ဆံရေးကို အဆင်မပြေသည့် ပုံစံမျိုးကို ပြသခဲ့သည်။
ထိုအချက်ကြောင့် အိန္ဒိယသည် ဟာဆီနာနှင့် Awami League ကို ဆယ်စုနှစ်နှင့်ချီ ထောက်ခံခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် လက်ရှိ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက် ယူနွတ် (Muhammad Yunus) သည် မတ်လအတွင်းက တရုတ်သို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်သည် ဟာဆီနာ အစိုးရအလွန် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် ကြား ဆက်ဆံရေးကို ပြန်လည်ချိန်ညှိခြင်းဖြစ်ကြောင်း ယူဆခံခဲ့ရသည်။
ယူနွတ်၏ တရုတ်ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်သည့် တရုတ်သည် ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂ ဒသမ ၁ ဘီလျံ တန်ဖိုးရှိသည့် ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ထောက်ပံ့မှုများ ပေးမည်ဟု ကတိပြုခဲ့သည်။
ထို့နောက် ဇွန်လတွင် တရုတ်နိုင်ငံ ကူမင်း (Kunming) မြို့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး များသည် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ယခင် ဟာဆီနာနှင့် Awami League ပါတီတို့က ဦးဆောင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်ရှိ ယူနွတ် ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို နှိုင်းယှဉ်ကြည့်ပါက ယူနွတ်အစိုးရအဖွဲ့သည် အိန္ဒိယ၏ ရန်ဘက် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုနီးစပ်လာခဲ့သည်။
နိုဝင်ဘာလကလည်း ပါကစ္စတန် ရေတပ် သင်္ဘောတစ်စင်းသည် ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်၏ ချက်တိုဂရမ် (Chattogram) မြို့၏ ကမ်းလွန်ရေပြင်တွင် ကျောက်ချရပ်နားခဲ့သည်။
ထိုဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် လွတ်လပ်ရေး မရမီက အရှေ့ပါကစ္စတန်ဟု လူသိများခဲ့သည့် ဒေသကို ပါကစ္စတန်စစ်တပ်က လာရောက်ခဲ့သည့် ၁၉၇၁ ခုနှစ်နောက်ပိုင်း ပထမဆုံး ပါကစ္စတန်ရေတပ်သင်္ဘော လာရောက်မှုဖြစ်သည်။
ဟာဆီနာသည် အစ္စလာမ်အစွန်းရောက်မှုကို ဘေးချိတ်ပြီး ရန်လိုသည့် ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ ကိုင်တွယ် ဖြေရှင်းခဲ့ကာ စစ်ဘက်-အရပ်ဘက် ဟန်ချက်ညီမှုကို ထိန်းသိမ်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စီးပွားရေး၊ ပထဝီ နိုင်ငံရေး အခြေအနေတို့တွင် ခန့်မှန်းနိုင်သည့် အနေအထားမျိုး ဖန်တီးနိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဘာသာရေး မနွယ်သည့် အသိုင်းအဝိုင်းများနှင့် ဘာသာရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီများကြား၊ အရပ်ဘက်နိုင်ငံတော်နှင့် စစ်တပ်၊ လုံခြုံရေး အေဂျင်စီများကြားတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသော မကျေနပ် ချက်များနှင့် ပြည်တွင်း တင်းမာမှုများသည် ကြီးထွားလာခဲ့သည်။
ယခုအခါ Awami League ကို ဖြုတ်ချလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) သည် ဖေဖော်ဝါရီ ရွေးကောက်ပွဲအပြီးတွင် အစိုးရဖွဲ့ရန်နှင့် ဦးဆောင်ရန် မဲရလဒ် အလုံအလောက်ဖြင့် အနိုင်ရမည်ဟု မျှော်လင့်ထားသည်။
BNP ခေါင်းဆောင်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ၏ အကြီးဆုံးသားဖြစ်သူ တာရစ် ရာမန် (Tarique Rahman) သည် ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။
တစ်ချိန်က ဟာဆီနာ အစိုးရအဖွဲ့၏ ပိတ်ပင်ခြင်း ခံခဲ့ရသည့် သဘောထား တင်းမာသော ဘာသာရေးပါတီဖြစ် သည့် Jamaat-e-Islami Bangladesh (JIB) သည် ဟာဆီနာ ပြုတ်ကျခဲ့ပြီးနောက်ပိုင်း အင်အားကြီးထွားလာ ခဲ့သည်။
ထို့ကြောင့် JIB ပါတီသည် BNP ပါတီ၏ စိန်ခေါ်မှု ဖြစ်လာနိုင်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ခေါင်းဆောင် ယူနွတ်ကို တွေ့ရစဉ်
ရွေးချယ်ခွင့် နည်းပါးခြင်း
**********************
အိန္ဒိယရော ဘင်္ဂလားဒေ့ရှ်နိုင်ငံပါ ပထဝီနိုင်ငံရေး၏ လက်ရှိ အမှန်တရားဖြစ်သည့် တည်ငြိမ်သည့် အိမ်နီးချင်း ဆက်ဆံရေးကို ထူထောင်ရန် လိုအပ်သော အချက်အောက်မှ ရှောင်လွှဲပြေးနိုင်မည် မဟုတ်ပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၂၇၁ ကီလိုမီတာ နယ်စပ်ဒေသမှလွဲပြီး ကျန်သည့် ၄,၀၀၀ ကီလိုမီတာရှည်လျားသော နယ်စပ်တစ်လျှောက်လုံးတွင် အိန္ဒိယနိုင်ငံ၏ ဝန်းရံခြင်းကို ခံထားရသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသသည် မြို့တော်နယူးဒေလီနှင့် ယဉ်ကျေးမှုအရရော ပထဝီဝင်အရပါ အလှမ်းကွာဝေးနေပြီး မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုကို ခံရနိုင်ခြေရှိသည့်အပြင် တရုတ်နိုင်ငံကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အချို့နယ်မြေ အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
အိန္ဒိယအတွက် စိန်ခေါ်မှုမှာ ၎င်း၏ အရှေ့မြောက်ပိုင်းဒေသကို အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းသို့ ဆက်သွယ် ပေးမည့် လမ်းကြောင်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး တည်ငြိမ်မှုသည် မရှိမဖြစ် အခန်းကဏ္ဍတွင် ပါဝင်နေသည်။
အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မတည်မငြိမ်ဖြစ်ပါက လက်နက်ကိုင် သောင်းကျန်းမှုများသည် နယ်စပ်များကို ကျော်ဖြတ် ပျံ့နှံ့သွားမည်ဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ခွဲထွက်ရေးသမားများကို ခိုလှုံခွင့် ရရှိစေလိမ့်မည် ဖြစ်ကြောင်း အသစ်ဖွဲ့စည်းခဲ့သည့် National Citizen Party (NCP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမား ဟတ်စနတ် အဗ္ဗဒူလာ (Hasnat Abdullah) က ပြီးခဲ့သည့်အပတ်က ဒါကာမြို့တွင် ပြုလုပ်သော လူထုစည်းဝေးပွဲတစ်ခု၌ သတိပေးခဲ့သည်။
၎င်း၏ ပြောကြားချက်သည် အိန္ဒိယအစိုးရအတွက် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ ကြား ဆက်ဆံရေး ပျက်ပြားသွားခြင်းကို တရုတ်နှင့် ပါကစ္စတန်တို့က အခွင့်ကောင်းယူ အသုံးချသွားမည်ကို အိန္ဒိယကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
လက်ရှိအချိန်တွင် အိန္ဒိယ၏ တုန့်ပြန်မှုသည် ဥပဒေကြောင်းအရ ခိုင်မာပြီး မဟာဗျူဟာမြောက် အမြော်အမြင် ရှိရှိဖြင့် စနစ်တကျ ချိန်ဆထားသည့် ထိတွေ့ဆက်ဆံမှုအပေါ် အခြေခံရမည်ဟု ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းဖြစ်ပြီး လက်ရှိ အိန္ဒိယအထက်လွှတ်တော်အမတ် ဟာ့ရှ် ဗာဒန် ရှရင်ဂလာ (Harsh Vardhan Shringla) က ဒေလီအခြေစိုက် သတင်းစာတစ်စောင်တွင် ရေးသားဖော်ပြခဲ့သည်။
"နောက်ဆုံးမှာတော့ ရွေးကောက်ပွဲပြီးသွားရင် အိန္ဒိယအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘယ်အစိုးရတက်တက် ဆွေးနွေး ရမှာပဲ။ ဘာလို့လဲဆိုတော့ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကို ဦးတည်ချက်မဲ့အောင် ပစ်ထားလို့မရသလို တရုတ်ဘက် ကို အပြီးအပိုင် ပါသွားအောင်လည်း အဖြစ်မခံနိုင်လို့ပဲ" ဟု ဝါရှင်တန်ရှိ Hudson Institute မှ အိန္ဒိယနှင့် တောင်အာရှရေးရာ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာ အပါနာ ပန်ဒီ (Dr Aparna Pande) က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ ရွေးကောက်ပွဲ အကြိုကာလတွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာနိုင်ခြေ ရှိနေသည်။
သို့သော် ဤအကျပ်အတည်းသည် ပိုမိုထိခိုက်လွယ်လာသော ဒေသတွင်း အခြေအနေများအတွက် သင်ခန်းစာကြီး တစ်ခုလည်း ဖြစ်သည်။
မကြာသေးမီ လများအတွင်း အိမ်နီးချင်း နိုင်ငံများအကြား နယ်စပ်ပဋိပက္ခနှစ်ခု (အိန္ဒိယ-ပါကစ္စတန် ၊ ထိုင်း-ကမ္ဘောဒီးယား) ပေါ်ပေါက်ခဲ့သလို မြန်မာနိုင်ငံတွင်လည်း ကာလရှည် ပြည်တွင်းစစ် ဖြစ်ပွားနေသည်။
ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး မတည်ငြိမ်မှု အန္တရာယ်သည် ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် သာမက ဒေသ တစ်ခုလုံး အတွက်ပါ လျှော့တွက်၍ မရနိုင်သော အန္တရာယ်တစ်ခုဖြစ်ပေသည်။
Source: CAN
