CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။
ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရပ်တည်တာက အခြားအသင်းတွေအတွက် ကောင်းမွန်တဲ့ အရာ ဖြစ်နိုင်ပေမယ့် အာဆင်နယ်အသင်းအတွက်တော့ ကောင်းမွန်တဲ့အရာ မဟုတ်ဘူးဆိုတာ အချက်အလက်တွေက ဖော်ပြနေပါတယ်။
အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တဲ့ ရာသီတိုင်း ရာသီကုန်ချိန် မှာ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ခေတ်မှာ ဒီရာသီ အပါအဝင် ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး နေရာ ရပ်တည်မှု ၅ ကြိမ်အထိ ရှိခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၂-၀၃ ရာသီခရစ္စမတ်နေ့မှာ ယူနိုက်တက်အသင်းကို ရမှတ် အများ အပြား အသာရကာ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းက ချန်ပီယံဖြစ်ခဲ့ပြီး သူတို့က အဆင့် ၂ နေရာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်း အောင်ပွဲခံနေကြစဉ်
၂၀၀၇-၀၈ ရာသီမှာလည်း အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပေမယ့် ရာသီ ကုန်ချိန်မှာ ယူနိုက်တက်အသင်းကပဲ ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၇-၀၈ ရာသီမှာ အဆင့် ၃ သာရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၃ နဲ့ ၂၀၂၃-၂၄ ရာသီတွေမှာလည်း အာဆင်နယ်အသင်းဟာ ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နိုင်ခဲ့တာကို သူတို့ပရိသတ်တွေ မေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီရာသီတွေရဲ့ ရာသီကုန်ချိန်မှာ အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာနဲ့ ရာသီ အဆုံးသတ်ခဲ့ရတာပါ။
အချက်အလက်တွေဖော်ပြတဲ့ Opta က အာဆင်နယ်အသင်းဟာ ဒီဇင်ဘာ ၂၅ ရက်မှာ ပရီးမီးယားလိဂ်ကို ဦးဆောင်တဲ့ နောက်ဆုံး ၇ ကြိမ်စလုံး ဆုဖလားရယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။
ခရစ္စမတ်နေ့မှာ ဦးဆောင်ပြီးနောက် ထိပ်တန်းလိဂ်ဖလားကို အာဆင်နယ်အသင်း နောက်ဆုံးအကြိမ် ရယူနိုင် ခဲ့တာက ၁၉၄၇-၄၈ ရာသီကဖြစ်လို့ နှစ်ပေါင်းများစွာ ဝေးကွာနေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ပရီးမီးယားလိဂ်ဟာ အလွန်ခက်ခဲတဲ့အတွက် ခက်ခဲတဲ့နေရာတွေ ကိုသွားပြီး ခက်ခဲတဲ့ အချိန်တွေရှိမှာ ဖြစ်ပေမယ့် သူ့ကို ယုံကြည်မှုရှိစေတာက စွမ်းဆောင်ရည်အဆင့်နဲ့ တည်ငြိမ် မှုတို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာမှာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအာတီတာဟာ ၂၀၂၀ ခုနှစ် FA ဖလားပြိုင်ပွဲမှာ အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီနောက်ပိုင်းမှာ ဆုဖလားတွေနဲ့ ဝေးကွာနေတာ ၅ နှစ်ကြာပြီဖြစ်တဲ့အတွက် ဒီရာသီမှာ ဆုဖလား လက်မဲ့ဖြစ်မှုကို အဆုံးသတ်ချင်နေတာပါ။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကို ပိုင်ဆိုင်ထားတာကြောင့် ခရစ္စမတ်ကျိန်စာကို ကျော်လွှားပြီး ဆုဖလားတွေကို ရာသီကုန်ချိန်မှာ ကိုင်မြှောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
