CNI International Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ဒီဇင်ဘာ ၁၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ဖုန်းပြောဆိုချိန်က ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခနှင့်ပတ်သက်ပြီး “လမ်းဘေးမတော်တဆမှု” ဟု သုံးနှုန်းပြောဆိုခဲ့သည်။
ထရမ့်သည် နိုဝင်ဘာ ၁၀ ရက်က ထိုင်းပြည်သူများကို ဒေါသထွက် နာကျင်စေခဲ့သည့် ထိုင်းနယ်စပ်အနီးရှိ Huay Santamaria အရပ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံအတွက်မူ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများသည် စစ်သားများ ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ထက် ပိုသည်။
၎င်းတို့သည် တစ်စုံတစ်ဦး၏ သား၊ တစ်စုံတစ်ဦး၏ ခင်ပွန်း သို့မဟုတ် တစ်စုံတစ်ဦး၏ ဖခင်ဖြစ်သည်။
ပိုအရေးကြီးသည့် အချက်မှာ ၎င်းတို့သည် ထိုင်းနိုင်ငံ၏ နယ်စပ်ကို ကာကွယ်ရင်း ဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီမှု ယူကြစဉ်
ထို့ကြောင့် ထရမ့်၏ အသုံးအနှုန်းဖြစ်သည့် လမ်းဘေး မတော်တဆမှုဆိုသည့် ပြောကြားချက်သည် မှားယွင်း နေသည်။ အဘယ်ကြောင့်ဆိုသော် မြေမြှုပ်မိုင်းများသည် သူ့အလိုလို ပေါက်ကွဲခြင်းမရှိပေ။
အထက်ဖော်ပြပါ ဖြစ်စဉ်တွင် ကမ္ဘောဒီးယား စစ်သားများက လူများကို ထိခိုက်စေရန် သို့မဟုတ် သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် မြေမြှုပ်မိုင်းများကို ထောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုဖြစ်စဉ်သည် ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။
ယခင်က နယ်စပ်ဒေသတစ်လျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ၇ ကြိမ်ခန့် ရှိခဲ့သည်ဟု ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) က ပြောကြားခဲ့သည်။
ထိုကဲ့သို့ မြေမြှုပ်မိုင်းများ ပေါက်ကွဲသည့် အကြိမ်တိုင်းတွင် ထိုင်းက ကမ္ဘောဒီးယားကို မြေမြှုပ်မိုင်းများ ဖယ်ရှား ပေးရန် တိုက်တွန်းခဲ့ဖူးသည်။ သို့သော် အခြေအနေမှာ ထူးခြားမလာခဲ့ပေ။
အမှန်တရားကို ပြောရမည်ဆိုပါက ထိုဖြစ်စဉ်များကို မတော်တဆမှုဟု ခေါ်ဆိုခြင်းသည် မိုင်းများကို ရည်ရွယ် ချက်ရှိရှိ ထောင်ထားသည်ဆိုသည့် အချက်ကို မျက်ကွယ်ပြုရာ ရောက်နေသည်။
ထိုင်းနိုင်ငံက ထိုမြေမြှုပ်မိုင်းများ အန္တရာယ်ကို ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ကမ္ဘောဒီးယားက အရေးတယူ ဖြေရှင်းခြင်းမရှိပေ။
ထိုင်းနှင့် ကမ္ဘောဒီးယားသည် အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် နှစ်နိုင်ငံနယ်စပ်၌ မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကို ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲကြေညာချက်၌ သဘောတူညီမှု ရရှိခဲ့သည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို အမေရိကန်သမ္မတ ထရမ့်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) တို့က ပူးတွဲတက်ရောက်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် မည်သည့် တိုးတက်မှုမှ ဖြစ်ထွန်းမလာခဲ့ပေ။
ထရမ့်၏ မှတ်ချက်စကားသည် အဆပေါင်းသန်းချီ ပိုမိုနာကျင်စေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ချက်စကားသည် အမေရိကန်ထံမှ ထွက်လာခြင်းကြောင့်ဖြစ်သည်။
ထိုင်းနှင့် အမေရိကန်သည် နှစ်ပေါင်း ၁၉၀ ကျော်ကြာ မိတ်ဆွေများဖြစ်ခဲ့သည့် အချက်ကို မေ့လျှော့ထား၍ မရပေ။
ထိုင်းသည် ၁၈၃၃ ခုနှစ်က အမေရိကန်နှင့် ဆက်ဆံရေး ထူထောင်ခဲ့သည့် ပထမဆုံး အာရှနိုင်ငံဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ရှေ့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီကြစဉ်
ထိုင်းနှင့် အမေရိကန်သည် အတူတကွ တိုက်ပွဲဝင်ခြင်း၊ စစ်သားများကို ပူးတွဲလေ့ကျင့်ခြင်းနှင့် တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုများ ရှိခဲ့သည်။
ထို့ပြင် ထိုင်းနှင့် အမေရိကန်သည် နှစ်စဉ်နှစ်တိုင်း မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း ထိုင်းနှင့် အမေရိကန်သည် ဒေသတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့်မှုကို ပူးတွဲပြုလုပ်ခဲ့သည်။
မိတ်ဆွေများအဖြစ် အမေရိကန်သမ္မတသည် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်မီ နှစ်ဖက်စလုံးမှ အသံများကို နားထောင်သင့်သည်။
ထိုင်းလူမျိုး အများစုကမူ ထရမ့်သည် ကမ္ဘောဒီးယား၏ အသံကိုသာ နားထောင်ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အသံကို နားထောင်ခဲ့ခြင်းမရှိကြောင်း ခံစားနေရသည်။
ထရမ့်သည် ထိုင်းနှင့်ကမ္ဘောဒီးယား ခေါင်းဆောင်များကို ဖုန်းဆက်သွယ် ပြောဆိုခြင်းမပြုမီ နောက်ဆုံးရ အခြေအနေများကို သိရှိနိုင်ရန် ဘန်ကောက် (Bangkok) နှင့် ဖနွမ်ပင် (Phnom Penh) မြို့တော်များသို့ ထိပ်သီး အမေရိကန်ထိပ်သီးအရာရှိတစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုင်းသည် နယ်စပ်လုံခြုံရေး၊ အပစ်အခတ်ရပ်စဲရေး၊ နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကို အဖြေရှာရေးတို့ကို လိုလားကြောင်း အနူတင်နှင့် သီဟဆက်တို့က ထပ်တလဲလဲ ပြောကြားခဲ့ သည်။
သို့သော် ငြိမ်းချမ်းရေးရရှိရန် အမှန်တရားအပေါ် အခြေခံရန်လိုအပ်ပြီး မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေ များကို မျက်ကွယ်ပြု၍ မရနိုင်ပေ။
လက်ရှိတွင် ထိုင်းလူမျိုးများက ဖြေဆိုရခက်ခဲသည့် မေးခွန်းများကို မေးလာကြပြီဖြစ်သည်။
ထိုမေးခွန်းများမှာ အမေရိကန်သည် ထိုင်းနိုင်ငံကို တန်းတူညီမျှ မိတ်ဖက်တစ်ဦးအဖြစ် လေးစားဆဲ ရှိ၊ မရှိ ဖြစ်သည်။
အာရှတွင် အမေရိကန်၏ သက်တမ်းအရှည်ဆုံးနှင့် အကြီးမြတ်ဆုံး မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန် အတွက် အရေး ပါ၊မပါနှင့် ထိုင်းသည် အလွယ်တကူ မေ့လျော့ခံရဖွယ် ရှိ၊မရှိ အစရှိသည့် မေးခွန်းများဖြစ်သည်။
ထိုမေးခွန်းများသည် စိတ်ပျက်မှုများကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး အမုန်းတရားအပေါ် အခြေခံပြီး ထွက်ပေါ် လာသည့် မေးခွန်းများ မဟုတ်ပေ။
အမေရိကန်အနေဖြင့် တင်းမာမှုများ မြင့်တက်သည့် အကြောင်းရင်းများကို ပွင့်လင်းသည့် စိတ်သဘောထားဖြင့် လေ့လာသုံးသပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထရမ့် အနေဖြင့် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ငြိမ်းချမ်းရေး ဖော်ဆောင်သူ ဖြစ်ချင်မည်ဆိုပါက အသံများကို ပိုမိုနားထောင်ရမည်ဖြစ်သည်။
ထရမ့်အနေဖြင့် မြေပြင်တွင် ဖြစ်ပွားနေသည့် အမှန်တရားကို သိရှိရန် အလွန်အရေးကြီးသည်။
ထို့ကြောင့် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကဲ့သို့ ထရမ့်၏ အလွယ်တကူပြောကြားသည့် စကားလုံးများသည် နှစ်နိုင်ငံဆက်ဆံရေးများကို အဖုအထစ်သာ ဖြစ်လာစေနိုင်မည်ဖြစ်ပေသည်။
Source: Thai PBS World
