CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၄

မော်တော်ယာဉ်အစီးရေ အများအပြား နေ့စဉ် အသုံးပြုမောင်းနှင်သွားလာနေသည့် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့်အတူ မော်တော်ယာဉ် ရပ်နားရန်အတွက် ကားပါကင်အခက်အခဲများလည်း ကြုံတွေ့နေကြရသည်။

ထိုအခက်အခဲကို ပြေလည်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့၌ တာဝန်ရှိပြီး သီးသန့်ကားပါကင်စနစ်နှင့် စမတ်ကားပါကင်စနစ်များကို ဖော်ဆောင်ရန် လိုအပ်သည်ဟု ရန်ကုန်မြို့ပြစောင့်ကြည့်သူများနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

သီးသန့်ကားပါကင် တည်ဆောက်ရာတွင်လည်း လက်ရှိ ရန်ကုန်မြို့၏ မြေဧရိယာအရ အထပ်မြင့်တိုက် များပြား သည့်အတွက် မြေနေရာ အခက်အခဲ ဖြစ်ပေါ်နေပြီး ကားပါကင်တည်ဆောက်မည်ဆိုပါက မြေအောက်ကားပါကင် သည် အသင့်တော်ဆုံး ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက်ဆုံးခေတ်ပေါ်နည်းအရ ပြောရရင် vertical chain နဲ့ သွားတဲ့ ကားပါကင်တွေပဲဗျ။ မြေနေရာ ကျဉ်းကျဉ်း လေးနဲ့ ကားအများကြီး ရပ်လို့ရတဲ့ စနစ်တွေ ရှိပါတယ်။ အဲဒီစနစ်နဲ့ တည်ဆောက်ရင်တော့ ဘာပဲ ပြောပြော ကားပါကင်ကတော့ အထိုက်အလျောက် ပြေလည်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ရန်ကုန်မြို့ ထဲမှာ ဥပမာ မြေအောက်ပါကင်တွေ တည်ဆောက်ပေးရင်တော့ ပြေလည်လို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မြေအောက်ကို တူးဖို့က နည်းစနစ်မရှိဘူး။ နောက်ပြီးတော့မှ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်တဲ့ နည်းစနစ် မရှိဘူး။ အဲဒါကြောင့် မြေအောက်ပါကင်လုပ်မယ်ဆိုရင်လည်း တော်တော်စဉ်းစားရမယ့်ကိစ္စဗျ” ဟု ပြောသည်။

 ရန်ကုန်မြို့ပြမှ မော်တော်ယာဉ်များ

ထို့နောက် ကားပါကင် လုံလောက်မှုမရှိဘဲ ကားတင်သွင်းခွင့်ပြုထားခြင်းကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများသည် နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လျက်ရှိနေသည်။

သီးသန့်ကားပါကင် မရှိသည့်အတွက် လမ်းမများပေါ်တွင် ကားများကို ရပ်နားထားရခြင်းကြောင့် နှစ်လမ်းသွား ကားလမ်းများသည် တစ်လမ်းသွားဖြစ်သွားခြင်း၊ လမ်းမများပေါ်တွင် ဈေးရောင်းချခွင့်ပြုထားခြင်းများသည်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေကြောင်း ရန်ကုန်မြို့ပြစောင့်ကြည့်သူများနှင့် စီးပွားရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။

လက်ရှိ နိုင်ငံတော်၏ ကားပါကင်လိုအပ်ချက်နှင့်အညီ အထပ်မြင့်တိုက်များ တည်ဆောက်ရာတွင်လည်းကောင်း၊ အိမ်ရာများ ဆောက်ရာတွင်လည်းကောင်း၊ ကွန်ဒိုများ တည်ဆောက်ရာတွင်လည်းကောင်း အထူးကားပါကင်စနစ် ထည့်သွင်း တည်ဆောက်ရန် စနစ်တကျ စောင့်ကြည့်ရန် လိုအပ်သည်။

ကားပါကင် အခက်အခဲအပါအဝင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ရန်ကုန်မြို့တော်ဝန်နေရာတွင် တာဝန်ယူထားသည့်သူများ၌ တာဝန်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိ မြို့တော်ဝန်ရဲ့ တာဝန်ပေါ့။ ကျမတို့တာဝန် မဟုတ်ဘူး။ အဲဒါ နံပါတ်တစ် ပြောချင်တယ်။ သူတို့က မြို့တော်ဝန်လုပ်မယ်လို့ ရာထူးကို ယူပြီးတော့မှ သူတို့မှာ ဘာတာဝန်တွေရှိတယ်။ ရန်ကုန်မြို့မှာ အဓိက ဒုက္ခပေးနေတာ ဘာတွေလဲဆိုတာ သူတို့သိတာပဲ။ အဲဒီမြို့တော်ဝန်တွေ၊ စည်ပင်မှာရှိတဲ့သူတွေက နိုင်ငံခြားကို အခေါက်ခေါက် သွားကြတယ်။ ပြီးရင် နိုင်ငံခြားကို လေ့လာရေးဆိုပြီးတော့ သွားကြတယ်။ သူများနိုင်ငံတွေမှာ ဘာတွေတိုးတက်တယ်ဆိုတာ သွားကြည့်ကြပြီးတော့ ကိုယ့်နိုင်ငံကို ကောင်းအောင်လုပ်ကြပါလား။ အဲဒါသူတို့တာဝန်ပဲ” ဟု ပြောသည်။

 ရန်ကုန်မြို့ပြမှ မော်တော်ယာဉ်များ

ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စမတ်ကားပါကင်စနစ် ဖော်ဆောင်ရန် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေး အပြောင်းအလဲများကြောင့် ထိုကိစ္စအား ရပ်နားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိ အစိုးရသည်လည်း ထိုကိစ္စကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ထောက်ပြကြမှုများလည်းရှိသည်။

စမတ်ကားပါကင်တည်ဆောက်မှုနှင့် ပတ်သက်၍ ဂျပန်၊ တရုတ်၊ အစ္စရေး၊ စင်ကာပူစသည့် ပြည်ပကုမ္ပဏီများက စိတ်ဝင်စားမှုများ ရှိခဲ့ကြပြီး ပြည်တွင်းကုမ္ပဏီများသည်လည်း ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် သီးသန့်ကားပါကင်စနစ်အတွက် ကနဦးအနေဖြင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက် တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် အကောင်အထည် ဖော်ရန် လိုအပ်ပြီး နောက်ပိုင်းတွင် ကားပါကင်အခက်အခဲ အများ ဆုံးဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ရဲ့ အခြားမြို့နယ်များကို ဆက်လက်အကောင်အထည် ဖော်သွားရန် လိုအပ်သည်။