CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
မန်စီးတီးအသင်းဟာ အင်္ဂလန်ကွင်းလယ်လူအဲလီးယော့အန်ဒါဆန်အတွက် အဖွင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို နော်တင်ဟမ်ဖောရက်စ်အသင်းက ပယ်ချခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အဲလီးယော့အန်ဒါဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ချင်နေတာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ဆွေးနွေးမှုတွေကို ဆက်ပြီးလုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ်က အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိဖြစ်နေပေမယ့် ပေါင်သန်း ၁၀၀ ကျော်ပေးရင်တော့ အဲလီးယော့အန်ဒါဆန်ကို ရောင်းချနိုင်တာပါ။
အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အန်ဒါဆန်ရဲ့စာချုပ်ဟာ ၃ နှစ်ကျန်ရှိသေးတာ ဖြစ်ပါတယ်။

အဲလီးယော့အန်ဒါဆန်ကိုတွေ့ရစဉ်
၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အဲလီးယော့အန်ဒါဆန်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တာအပါအဝင် ၉၂ ပွဲကစားထားပြီး ၆ ဂိုးသွင်းယူထားတာပါ။
မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အန်ဒါဆန်ရဲ့အပြောင်းအရွှေ့ကို သဘောတူညီမှုရချင်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူဂျွန်စတုန်းစ်တို့ကို ထွက်ခွာခွင့်ပြုပြီးနောက် ကစားသမားသစ်တွေအားဖြည့်ဖို့ရှိနေသလို ကစားသမားတချို့ကိုလည်း ရောင်းချသွားဖို့စီစဉ်နေတာပါ။
တောင်ပံကစားသမားဆာဗင်ဟိုဟာ စပါးအသင်းနဲ့ဆွေးနွေးမှုတွေရှိနေသလို ကွင်းလယ်လူ နီကိုဂွန်ဇာလက် အတွက်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရောက်လာရင် ရောင်းချနိုင်တာ ဖြစ်ပါတယ်။
