CNI International Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃

၂၀၂၅ ခုနှစ်သည် ထိုင်းနိုင်ငံအတွက် သာမန်ဆိုးရွားသောနှစ်ဟု ပြောမည်ဆိုပါက လုံလောက်မည် မဟုတ်ပေ။ 

အချို့ကမူ ထိုနှစ်ကို ဆိုးရွားသည့်အရာများ တစ်ပြိုင်နက်တည်း ကျရောက်လာသောကြောင့် "မြေပြင်ပေါ်က ငရဲ" သို့မဟုတ် ထိုင်းဘာသာဖြင့် Narok bon din ဟုပင် ခေါ်ဆိုသင့်ကြောင်း ပြောကြားခဲ့ကြသည်။

သို့သော်လည်း ထိုင်းနိုင်ငံသည် ထိုကဲ့သို့ ခက်ခဲသော အခြေအနေကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည်။ 

နောက်ကြောင်းပြန်ကြည့်လျှင် အကျပ်အတည်း ကာလအတွင်း မည်သို့ ရှင်သန်နေထိုင်ရမည်ကို လမ်းညွှန်ပေးခဲ့ သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ကို ပြန်ပြောင်း အောင့်မေ့နိုင်မည်ဖြစ်သည်။

"သည်းခံခြင်း"သည် ယခုကဲ့သို့ ခက်ခဲသောအချိန်ကို ရုန်းကန်ကျော်ဖြတ်နိုင်ရန် မိမိတို့ကို ကူညီပေးခဲ့သည်။ 

၁၉၉၇ ခုနှစ် တုံယမ်းကွန်း စီးပွားရေး အကျပ်အတည်း (Tom Yum Kung financial crisis) ကာလက ကဲ့သို့ပင် ယခုအခါတွင်လည်း ထိုင်းနိုင်ငံသည် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည့် ချိုမြိန်သော အခိုက်အတန့်များ၊ စိတ် အချဉ်ပေါက်ရသည့် စိတ်ပျက်စရာကိစ္စများ၊ ပြင်းထန်သော ပဋိပက္ခများနှင့် ကြာရှည်နေသော မရေရာမှုများကဲ့သို့ အကောင်း၊ အဆိုး အားလုံးကို ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင် ပြည်တွင်းပြည်ပမှ ဝေဖန်ရေးသမားများက ထိုင်းနိုင်ငံသည် အရည်အချင်း မရှိသော နိုင်ငံရေး သမားများကို သည်းခံစောင့်ကြည့်ရင်းနှင့်ပင် ယခုကဲ့သို့ ထပ်တလဲလဲ ကျရောက်နေသော အကျပ်အတည်းများ အား မည်သို့ ရှင်သန်ကျော်ဖြတ်နိုင်သနည်းဟု မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။

ဤမေးခွန်း၏ အဖြေမှာ ထိုင်းနိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သမိုင်းကြောင်းထဲတွင် ရှိနေသည်။

ထိုင်းအမျိုးသားရေးစိတ်ဓာတ်ကို ပြသနေစဉ်

တစ်ချိန်က "ဆိုင်အမ်" (Siam) ဟု လူသိများခဲ့သော ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းသည် အခက်အခဲများကို ရင်ဆိုင် နည်း၊ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နည်းနှင့် မည်သည့် အခြေအနေတွင်မဆို ကြံဖန်ဖြေရှင်းနည်းတို့ကို သိရှိသော "ဒူပေနာပေခံနိုင်သည့် လူမျိုး" (Resilient people) ၏ ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့သည်။

သို့သော် ၂၀၂၅ ခုနှစ်တွင်မူ ထိန်းချုပ်မရနိုင်သည့် စိန်ခေါ်မှုများ ထွက်ပေါ်လာခဲ့ပြီး ဖိအားများနှင့် ဝရုန်းသုန်းကား အခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။

၂၀၂၅ ခုနှစ်၏ ပထမဆုံးလသည် ရာဇဝတ်မှု တစ်ခုနှင့် စတင်ခဲ့သည်။ ထိုဖြစ်စဉ်မှာ တရုတ်ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ပြန်ပေးဆွဲခံရမှု ဖြစ်သည်။

သူသည် သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ပြန်ပေးဆွဲခံခဲ့ရပြီး၊ ထိုင်းနိုင်ငံ အနောက် ဘက် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများ အခြေစိုက်သည့် မြဝတီမြို့သို့ လူကုန်ကူးခြင်း ခံခဲ့ရ သည်။

တရုတ်အင်တာနက် အသုံးပြုသူများက ဝမ် ပျောက်ဆုံးနေသည့် သတင်းကို မဖော်ထုတ်မီအထိ လူအနည်းငယ်က သာ ကျားဖြန့်ပြဿနာကို အာရုံစိုက်ခဲ့ကြသည်။ 

ထိုအချိန်မှစ၍ ဝမ်ရှင်း ပြန်ပေးဆွဲခံရသည့် အမှုသည် ဒေသတွင်း လည်ပတ်နေသော နယ်စပ်ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းကြီးများ၏ ကြောက်စရာကောင်းသည့် အတိုင်းအတာကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။

ထိုဖြစ်ရပ်က ထိုင်းနိုင်ငံသည် ရာဇဝတ်ဂိုဏ်းများအတွက် လူကုန်ကူးရန်နှင့် ငွေကြေးလွှဲပြောင်းရန် အရေးပါသော ဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြသရာရောက်ခဲ့သည်။

ရာဇဝတ်ဂိုဏ်းများ၏ အဓိက ဦးတည်ချက် နေရာများမှာ ကာစီနိုရုံများနှင့် ကျားဖြန့်စင်တာများ မှိုလိုပေါက်နေ သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။ 

ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများတွင် လူပေါင်း သိန်းနှင့်ချီ၍ အလုပ်လုပ် ကိုင်နေကြသည်ဟု ယူဆရပြီး ဒေသတွင်း ကမ္ဘာ့အကြီးဆုံး တရားမဝင်လုပ်ငန်း ဗဟိုချက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထို့ပြင် ဝမ်ရှင်း၏ အမှုသည် ထိုင်းနိုင်ငံမှတဆင့် စီးဆင်းစေသည့် အကျင့်ပျက် ရင်းနှီးမြှုပ်နှံသူများ၏ ငွေမည်းများ သို့မဟုတ် ငွေကြေးခဝါချမှုများ၏ အခန်းကဏ္ဍကိုလည်း တစ်ဖန်အာရုံစိုက်လာစေခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်

လွန်ခဲ့သော လပေါင်းများစွာကတည်းက သတင်းမီဒီယာများတွင် ကျားဖြန့်လုပ်ငန်းများ၏ သဘောသဘာဝနှင့် ကြီးမားသော အတိုင်းအတာကို အလေးပေးဖော်ပြခဲ့ကြသည်။

မတ်လအတွင်းတွင်မူ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဘန်ကောက်မြို့တော်၌ ၃၀ ထပ်မြင့်သည့် နိုင်ငံတော်စာရင်းစစ်ရုံးဌာနချုပ် အဆောက်အအုံ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်က ထိုင်းနိုင်ငံရှိ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများ၏ လုံခြုံစိတ်ချရမှု အပေါ်  ကြီးမားသော မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

နှစ်ဆန်းပိုင်းတွင် ကြုံတွေ့ခဲ့ရသော ကျားဖြန့်ဂိုဏ်းများနှင့် စာရင်းစစ် အဆောက်အအုံ ပြိုကျမှုများသည် ထိတ်လန့် စရာ ဖြစ်စဉ်များဖြစ်ခဲ့ပြီး နှစ်လယ်ပိုင်းတွင်မူ နိုင်ငံရေးပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

မေလနှောင်းပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယား စစ်တပ်များအကြား နယ်စပ်ဒေသများတွင် အပြန်အလှန် တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လလယ်တွင်မူ ထိုအချိန်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) တို့၏ ဖုန်းပြောဆိုသည့် အသံဖိုင်ပေါက်ကြားလာခဲ့သည်။

ထိုအသံဖိုင်ထဲတွင် ပေတုန်တန်က ဟွန်ဆန်ကို ဦးလေးဟု ခေါ်ဆိုခဲ့ကာ ထိုင်းစစ်တပ် အကြီးအကဲတစ်ဦးကို ဝေဖန်ခဲ့သဖြင့် လူထုကြား ဒေါသများမြင့်တက်ခဲ့ပြီး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်က ပေတုန်တန် အစိုးရအဖွဲ့ကို ပြိုကွဲစေခဲ့ပြီး အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်၏ လုပ်ဆောင်ချက်များသည် နိုင်ငံ၏ ဂုဏ်သိက္ခာကို အရှက်ရစေပြီး အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်ဟု ဆုံးဖြတ်ကာ ၎င်းကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည်။

ပေတုန်တန် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ယခင် ညွန့်ပေါင်းမဟာမိတ်ဟောင်းဖြစ်သော ဘူဂျထိုင်း (Bhumjaithai Party) ပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

သို့သော် အနူတင် ဦးဆောင်သည့် အစိုးရအဖွဲ့သည် ယာယီသဘောသာ ဖြစ်သည်။ 

အတိုက်အခံ ပြည်သူ့ပါတီ (People's Party) နှင့် သဘောတူညီချက်အရ အနူတင်၏ အစိုးရသည် အာဏာကို ၄ လကြာသာ ရယူထားမည်ဖြစ်ပြီး ထို့နောက်တွင် လွှတ်တော်ကို ဖျက်သိမ်းကာ အထွေထွေရွေးကောက်ပွဲသစ် ကျင်းပပေးရမည် ဖြစ်သည်။

ပေတုန်တန်နှင့် ဟွန်ဆန်တို့၏ ဖုန်းပြောဆိုမှု အသံဖိုင် ပေါက်ကြားခဲ့ခြင်းသည် ကမ္ဘောဒီးယားအပေါ် ထားရှိသော ထိုင်းပြည်သူတို့၏ သဘောထားကို အကြီးအကျယ် ပြောင်းလဲစေခဲ့သည်။

ထိုင်းပြည်သူများ၏ မယုံကြည်မှုများသည် ဖိနှိပ်ချုပ်တည်းထားရသည့် ပေါက်ကွဲခါနီး ဗုံးတစ်လုံးကဲ့သို့ ဖြစ်လာခဲ့ သည်။

ဇူလိုင်လနှောင်းပိုင်းတွင် နယ်စပ်တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ နယ်စပ်တစ်လျှောက် အသစ်ထောင်ထား သော မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သည်များ ပိုမိုဒဏ်ရာ ရရှိလာခြင်းက ထိုင်းလူမျိုးများ၏ ဒေါသနှင့် အမျိုးသားရေး စိတ်ဓာတ်ကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။

ဒီဇင်ဘာလ အစောပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားခဲ့ သည်။ နှစ်ဖက်စလုံးက တစ်ဖက်မှ အရင် စတင်ပစ်ခတ်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

တစ်ချိန်က အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့သော ဖြစ်ရပ်များသည် ယခုအခါတွင်မူ အပြန်အလှန် လက်စားချေခြင်း နှင့် အန္တရာယ်ရှိသော စစ်ရေး ကစားကွက်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ 

ပဋိပက္ခတစ်လျှောက်လုံးတွင် ကမ္ဘောဒီးယားသည် သတင်းအချက်အလက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး မီဒီယာများကို ကန့်သတ်ခြင်းနှင့် သေဆုံးသူနှင့် ဒဏ်ရာရသူစာရင်းကို လျှို့ဝှက်ထားခြင်းတို့ လုပ်ဆောင်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန်ကို တွေ့ရစဉ်

ကမ္ဘောဒီးယားသည် လူမှုမီဒီယာပေါ်တွင် ထိုင်းနိုင်ငံကို ကျူးကျော်သူအဖြစ် ပုံဖော်ပြီး အင်အားအလွန်အကျွံ သုံးသည်ဟု စွပ်စွဲကာ ဗျူဟာမြောက် လှုပ်ရှားခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယား မီဒီယာများက ထိုင်းနိုင်ငံသည် ဓာတုလက်နက်များ သုံးစွဲနေသည်ဟုပင် စွပ်စွဲခဲ့ကြသည်။

သို့သော်လည်း ဂျီနီဗာမြို့တွင် ကျင်းပသော အော့တဝါကွန်ဗင်းရှင်း (Ottawa Convention) ညီလာခံ၌ ထိုင်းနိုင်ငံ က စုဆောင်းထားသည့် ကမ္ဘောဒီးယား၏ မြေမြှုပ်မိုင်း သက်သေ အထောက်အထားများကို တင်ပြနိုင်ခဲ့ချိန်မှသာ အခြေအနေများ ပြောင်းလဲသွားခဲ့သည်။

ကမ္ဘောဒီးယား၏ လုပ်ရပ်များမှာ လူသိရှင်ကြား ပေါ်ပေါက်သွားခဲ့သည်။ ထိုအချိန်မှစ၍ ထိုင်းစစ်တပ်သည် ပိုမို ထိရောက်သော မဟာဗျူဟာမြောက် သတင်းစကားများဖြင့် တုန့်ပြန်လာနိုင်ခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းတွင် ထိုင်းနိုင်ငံသည် နယ်စပ် အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ် သတင်း စာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ပွင့်လင်းမြင်သာသော ချဉ်းကပ်မှုမျိုးကို ကျင့်သုံးခဲ့သည်။ 

သို့သော် သတင်းအချက်အလက် စစ်ပွဲ (Information War) တွင်မူ လူအများ၏ စိတ်ဝင်စားမှုကို ရရှိရန် နှေးကွေး နေဆဲ ဖြစ်သည်။ 

အကြောင်းမှာ ပြောရေးဆိုခွင့်ရှိသူ အများအပြားက တစ်ပြိုင်နက်တည်း စကားပြောနေကြပြီး၊ သတင်းတင်ဆက် သူများနှင့် ဝေဖန်သုံးသပ်သူများကလည်း နာရီအလိုက် ထွက်ပေါ်လာသော သတင်းများအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေကြခြင်းကြောင့် လူထုကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အနူတင်သည် ၎င်း၏ ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး မြင့်တက်လာသည့် ဝေဖန်မှုများကို ရေရှည်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။

ဒီဇင်ဘာ ၁၁ ရက်တွင် အတိုက်အခံ ပြည်သူ့ပါတီ၏ ထောက်ခံမှု ဆုံးရှုံးသွားပြီးနောက် အနူတင်သည် လွှတ်တော် ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သည်။

အထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့သဖြင့် ထိုင်းနိုင်ငံ သည် နိုင်ငံရေး အကျပ်အတည်း ကာလ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်းသို့ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့သည်။

ယခုတွင် အနုတင်သည် လက်ရှိ အာဏာရရှိထားသည့် အားသာချက်ကို အသုံးပြုပြီး ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရန် မျှော်လင့်နေသည်။

သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှာ ကြီးမားနေဆဲ ဖြစ်သည်။ 

ကမ္ဘောဒီးယား နယ်စပ်သည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် အခြေအနေတွင် ရှိနေပြီး၊ မြန်မာနိုင်ငံ၏ အခြေအနေ မှာလည်း မည်သို့ ဖြစ်လာမည်ကို ခန့်မှန်း၍ မရနိုင်သေးပေ။

မြန်မာနိုင်ငံတွင်မူ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီး ပထမအဆင့် မဲပေးမှုစတင်ခဲ့သည်။

ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘီလာရုစ်၊ နီကာရာဂွါ နှင့် ကာဇက်စတန် အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာရန် စေလွှတ်ခဲ့ကြသည်။

ဇန်နဝါရီ ၁၁ ရက်တွင် ဒုတိယအဆင့် မဲပေးမှုနှင့် ဇန်နဝါရီ ၂၅ ရက်တွင် နောက်ဆုံးအဆင့် မဲပေးမှုများ ပြုလုပ်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ရှိလာမည်မှာ သေချာသည်။

တစ်ချိန်တည်းမှာပင် နိုဝင်ဘာလအတွင်း ဟတ်ယိုင် (Hat Yai) နှင့် ထိုင်းတောင်ပိုင်း တစ်ခွင်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရေကြီးမှုများသည် ဝန်ကြီးချုပ် အနူတင်၏ အစိုးရအပေါ် ဖိအားများ ကျရောက်ခဲ့သည်။ 

အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် နှောင့်နှေး ကြန့်ကြာခြင်းတို့ကြောင့် နိုင်ငံရေး အတိုက်အခံများနှင့် မီဒီယာများ၏ ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ရေကြီးမှုဒဏ်များ ကျရောက်ပြီးနောက် ကမ္ဘောဒီးယားနှင့် နယ်စပ်တိုက်ပွဲများမှာ တစ်ကျော့ပြန် စတင်လာခဲ့ပြီး ပိုမိုပြင်းထန်လာခဲ့သည်။

ထို့နောက် လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းက ဆင့်ကဲကျရောက်နေသော အကျပ်အတည်းများကြားတွင် နိုင်ငံကို နောက်ထပ် ရွေးကောက်ပွဲ သံသရာတစ်ခုထဲသို့ တွန်းပို့ရာရောက်ခဲ့သည်။

ရက်ပေါင်း ၂၀ ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက်၊ ဒီဇင်ဘာ ၂၇ တွင် ထိုင်းနှင့် ကမ္ဘောဒီးယား တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ထို့နောက် အပစ်အခတ်ရပ်စဲပြီး ၇၂ နာရီကျော် ကြာမြင့်လာချိန်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ဒီဇင်ဘာ ၃၁ ရက်၌ ပြန်လွှတ်ပေးခဲ့သည်။

လာမည့် နှစ်များတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ အနေဖြင့် အဖက်ဖက်မှ သဘောထား ကွဲလွဲမှုများကို ပြန်လည် စေ့စပ်ညှိနှိုင်းပြီး ရင်းနှီးသော ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် လိုအပ်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် နိုင်ငံရေး အခင်းအကျင်း တစ်ခုလုံးမှာ စိုးရိမ်နေ ရဆဲ ဖြစ်သည်။ 

သို့သော် ထိုကဲ့သို့သော အခြေအနေများကြားတွင် နိုင်ငံရေးစနစ်နှင့် လူ့အဖွဲ့အစည်းသည် ပြိုကွဲမသွားဘဲ စည်းလုံး ညီညွတ်စွာဖြင့် ရှေ့သို့ ဆက်လက် ချီတက်နေဆဲဖြစ်သည်မှာ အံ့ဩစရာပင် ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံသည် မည်သို့သော အခက်အခဲမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြန်သည်။ 

မည်သည့် အခြေအနေမျိုးကိုမဆို ကြံကြံခံနိုင်သည့် "တက်ဖလွန် ထိုင်းနိုင်ငံ" (Teflon Thailand) ဟူသော ဂုဏ်ပုဒ်မှာ ယခုထက်တိုင် တောက်ပနေဆဲပင် ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော ကြံ့ကြံ့ခံနိုင်ရည်ရှိမှုသည် ထိုင်းနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် နှင့် လူမှုစီးပွားရေးအရ ပိုမိုကောင်းမွန်လာစေရန် လုံလောက်ပါမည်လောဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။

သို့မဟုတ်ပါက ထိုကဲ့သို့သော ရှင်သန်နိုင်စွမ်းက မိမိတို့ကို အခက်အခဲများနှင့် အသားကျသွားစေနိုင်ပြီး ရှေ့လည်း မတိုးနိုင်၊ နောက်လည်း မဆုတ်နိုင်သည့် သံသရာ ဝဲဂယက်အတွင်း တစ်နှစ်ပြီး တစ်နှစ် လည်ပတ်နေမည့် အခြေအနေကို ရောက်ရှိသွားစေနိုင်သည်။

Source: Bangkok Post