CNI Article
၂၀၂၅ ခုနှစ် ၊ မတ်လ ၁၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) ၏ အစိုးရအပေါ် ပထမဆုံးအကြိမ် အယုံအကြည်မရှိ အဆို စကားစစ်ထိုးပွဲကို မတ်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
သို့သော် အာဏာရ ဖြူးထိုင်းပါတီသည် ပေတုန်တန်၏ အစိုးရအဖွဲ့အား စေ့စေ့စပ်စပ် စစ်ဆေးမည့် အတိုက်အခံ ပါတီများကို ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု ယူဆနိုင်သည်။
ပြည်သူ့ပါတီက ဦးဆောင်သည့် အတိုက်အခံ အင်အားစုက ပေတုန်တန် တစ်ဦးတည်းကိုသာ အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့ပြီး အစိုးရ၏ ပျက်ကွက်မှုအတွက် ပေတုန်တန် တစ်ဦးတည်းသာ တာဝန်ရှိသည်ဟု စွပ်စွဲခဲ့သည်။
ဝန်ကြီးချုပ်သည် အစိုးရကို ဦးဆောင်ရန် လိုအပ်သော အတွေ့အကြုံများ ကင်းမဲ့ပြီး ပြည်သူများ၏ စိုးရိမ်မှုများကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။
ထိုင်းနိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုနှုန်းသည် အာဆီယံများနောက်တွင် နောက်ကောက်ကျ ကျန်ခဲ့ခြင်းသည် ပေတုန်တန်၏ စီးပွားရေးမူဝါဒများ မှားယွင်းစွာ စီမံခန့်ခွဲခြင်းကြောင့် ဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲ ပြစ်တင်ရန် စီစဉ်ထားသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
သို့သော် အကြီးမားဆုံး စွပ်စွဲချက်မှာ ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင်(Thaksin Shinawatra) ၏ ကြီးမားသည့် သြဇာလွှမ်းမိုးမှု အောက်တွင်ရှိနေသည်။ သက်ဆင်သည် အစိုးရ၏ နောက်ကွယ်မှ ကြိုးကိုင် ထားသည်ဆိုသည့် စွပ်စွဲချက်ဖြစ်သည်။
ထိုစကားစစ်ထိုးပွဲကို မတ်လ ၂၄ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များက ထိုရက်တွင် ပြုလုပ်ရန် အစီအစဉ်နှင့် စကားစစ်ထိုးပွဲ၌ ပြောကြားမည့် အကြောင်းအရာများကို သဘော မတူခဲ့သဖြင့် ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။
စကားစစ်ထိုးပွဲ ပြုလုပ်မည့် ကာလအပိုင်းအခြား၊ စည်းမျဉ်းများနှင့် ပတ်သက်ပြီးလည်း သဘောထားကွဲလွဲမှုများ ရှိနေသည်။
အစိုးရအကြီးအကဲ ဝီဆွတ် ချိုင်နာရန် (Wisut Chainarun) က စကားစစ်ထိုးပွဲကို ၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ပုံမှန်အားဖြင့် ၄ ရက်မှ ၅ ရက်အထိ ပြုလုပ်လေ့ရှိသည့် အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ များထက် အချိန်ကာလ အလွန်တိုတောင်းနေသည်ကို တွေ့ရသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ် မိုဟာမက် နျူအာ မာသာ (Wan Muhamad Noor Matha) ကလည်း အယုံအကြည် မရှိအဆို စကားစစ်ထိုးပွဲတွင် သက်ဆင်၏ အမည်ကို ထည့်သွင်းပြောဆိုခြင်း မပြုရန် အတိုက်အခံများကို တိုက်တွန်းခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပနေစဉ်
လွှတ်တော်တွင်း ပြုလုပ်သည့် စကားစစ်ထိုးပွဲများတွင် ဝင်ေရာက် ပြောဆိုခွင့် မရှိသည့် ပြင်ပပုဂ္ဂိုလ်များကို ကိုးကားခြင်းမှာ တရားမျှတမှု မရှိသည့်အချက်အား ဝမ်က ထောက်ပြခဲ့သည်။
ကျွမ်းကျင်သူများကမူ အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်တွင်း စကားစစ်ထိုးပွဲကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်း မည်ဆိုပါက ဒီမိုကရေစီ၏ အခြေခံမူများအား လျော့ပါးစေသည့် အချက်ကို သိရှိနားလည်ရမည်ဟု ပြောကြား ခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိမည်ဆိုပါက လွှတ်တော်တွင် အတိုက်အခံများ၏ စွပ်စွဲချက် များကို ခုခံချေပနိုင်မည့် အခွင့်အရေးအား လက်ခံရမည်ဟုလည်း ကျွမ်းကျင်သူများက ပြောသည်။
စစ်စစ်အားဖြင့် အစိုးရပြင်ပမှ ပုဂ္ဂိုလ်များကို အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲများတွင် ထည့်သွင်း ပြောကြားခြင်းသည် ထူးဆန်းသည့် ကိစ္စတော့မဟုတ်ပေ။
ဖြူးထိုင်းပါတီသည် အတိုက်အခံအဖြစ် ရပ်တည်ခဲ့ချိန်ကလည်း အစိုးရပြင်ပမှ လူပုဂ္ဂိုလ်များကို အယုံအကြည်မရှိ အဆို စကားစစ်ထိုးပွဲများတွင် ထည့်သွင်း ပြောဆိုခဲ့ဖူးသည်။
လွှတ်တော်အမတ်များ အနေဖြင့်လည်း စွပ်စွဲမှုများ ပြုလုပ်ရာတွင် တရားရေး စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်ခြင်း မရှိစေရန် ဂရုစိုက်ရမည်ဖြစ်သည်။
အစိုးရ၏ မူဝါဒများအပေါ် သက်ဆင်၏ သြဇာလွှမ်းမိုးမှုကို ငြင်းဆိုရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း သက်ဆင်၏ ပြောဆိုမှုများအတိုင်း လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် သက်ဆင်သည် အစိုးရအဖွဲ့ နောက်ကွယ်တွင် စစ်မှန်သည့် အာဏာကို ကိုင်ဆွဲထားသည်ဆိုသည့် ထင်ကြေးပေးမှုများကို ပိုမိုအားကောင်းလာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
သက်ဆင် ကိုယ်တိုင်ကလည်း ၎င်း၏ ပါဝင်ပတ်သက်မှုကို ဝန်ခံခဲ့ပြီး၊ သူသည် ထိုင်းဘာသာစကားဖြင့် Sor Tor Ror ( မြန်မာလို ဘာသာပြန်ရမည်ဆိုပါက ပါလေရာ ငါးပိချက်) ဖြစ်ကြောင်း ဟာသနှောကာ ပြောဆိုခဲ့သည်။
သက်ဆင် အနေဖြင့် ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ အမြင်များကို မျှဝေခြင်းသည် သဘာဝကျသော်လည်း ဖြူးထိုင်းပါတီသည် သက်ဆင်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လွှတ်တော်တွင် စိစစ်မေးမြန်းခံရချိန်၌ ခုခံကာကွယ်ရန် အခက်တွေ့လိမ့်မည်ဖြစ်သည်။
အာဏာရပါတီသည် စကားစစ်ထိုးပွဲကို ကန့်သတ်ချက်များ မထားဘဲ ခိုင်လုံသော အချေအတင် ဆွေးနွေးမှုကို ခွင့်ပြုခြင်းဖြင့် ၎င်း၏ ဒီမိုကရေစီ ခံယူချက်အား ပြသသင့်သည်ဟု ကျွမ်းကျင်သူများ ပြောသည်။
ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့သည် ဒီမိုကရေစီ အစိုးရတိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ပေတုန်တန်နှင့် ၎င်း၏ အစိုးရအဖွဲ့သည် ၎င်းတို့၏ ခေါင်းဆောင်မှု စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု ရှိမည်ဆိုပါ က ၎င်းတို့၏ မူဝါဒများကို ရှင်းလင်းရန်နှင့် သံသယများအား ပြေပျောက်စေရန် အယုံအကြည်မရှိအဆို စကား စစ်ထိုးပွဲကို အခွင့်အရေး တစ်ခုအဖြစ် လက်ခံသင့်သည်။
သို့မဟုတ်ဘဲ စကားစစ်ထိုးပွဲကို စိစစ်ကန့်သတ်ရန် ကြိုးပမ်းမည်ဆိုပါက ထင်ကြေးပေးမှုများကို ပိုမိုဆိုးရွား စေနိုင်ပြီး လူထု၏ ယုံကြည်မှုကို ပျက်ပြားစေမည်သာဖြစ်သည်။
Source: ဘန်ကောက်ပို့စ်