CNI International News
ဘန်ကောက်၊ မတ်လ ၂၅
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) သည် ဘတ် ၂၁၈ ဒသမ ၇ သန်း အခွန်ရှောင်ခဲ့သည် ဟု ထိုင်းအတိုက်အခံများက စွပ်စွဲခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
မတ်လ ၂၄ ရက်က လွှတ်တော်တွင် ပေတုန်တန်ကို အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲ ပထမနေ့၌ အတိုက် အခံ ပြည်သူ့ပါတီ (PP) ၏ လွှတ်တော်အမတ် ဝီရော့ချ် လက်ခါနာဒီဆွန်း (Wiroj Lakkhanaadisorn) က အခွန် တိမ်းရှောင်ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်သည် ၎င်းတို့မိသားစု၏ စီးပွားရေးလုပ်ငန်းများမှ တစ်စိတ်တစ်ပိုင်းအဖြစ် ရရှိထားသော အစုရှယ်ယာ များအပေါ် လက်ဆောင်ခွန် ပေးဆောင်ခြင်းမှ ရှောင်ကြဉ်ရန် မိသားစုဝင် ၅ ဦးထံမှ အစုရှယ်ယာများကို အထောက်အထား အတုများဖြင့် ဝယ်ယူခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
ထိုရှယ်ယာများ လွှဲပြောင်းရယူမှုကို အထောက်အထားများလည်း အတုပြုလုပ်ခဲ့ပြီး ပေတုန်တန်သည် အတိုးနှုန်း သို့မဟုတ် သတ်မှတ်ရက်များမပါဘဲ ငွေပေးချေသည့် ကတိစာချုပ်များကို ပြုလုပ်ခဲ့ကြောင်း ဝီရော့ချ်က စွပ်စွဲခဲ့ သည်။
အတိုက်အခံအမတ် ဝီရော့ချ်ကို တွေ့ရစဉ်
“တကယ်လို့ သူ့အနေနဲ့ ဒီရှယ်ယာတွေကို ကတိစာချုပ်တွေနဲ့ အမှန်တကယ် ဝယ်ယူခဲ့တယ်ဆိုရင် စာချုပ်တွေမှာ ငွေပေးချေရမယ့် ရက်စွဲနဲ့ အတိုးနှုန်းတွေ ပါဝင်သင့်ပါတယ်”ဟု ဝီရော့ချ်က ပြောကြားခဲ့သည်။
ပေတုန်တန်သည် လက်ဆောင်ရရှိခဲ့သည့် ရှယ်ယာများကို ရှယ်ယာ အရောင်းအဝယ်အဖြစ် အသွင်ပြောင်းခဲ့ပြီး လက်ဆောင်ခွန် ဘတ်ငွေ ၂၁၈ ဒသမ ၇ သန်း အခွန်ရှောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ရှယ်ယာများကို လက်ဆောင်ပေးအပ်သူသည် အသက်ရှင်နေသရွေ့ ကာလပတ်လုံး ရှယ်ယာပိုင်ဆိုင်မှု လွှဲပြောင်းသည့် အချိန်တွင် လက်ဆောင်ခွန်များ ပေးဆောင်ရမည်ဖြစ်သည်။
လက်ဆောင်ခွန် ကောက်ခံခြင်းဖြင့် အမွေဆက်ခံမှု အခွန်ရှောင်တိမ်းခြင်းကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကာ လက်ဆောင်ခွန်ကို ၅ ရာခိုင်နှုန်းဖြင့် ကောက်ခံရန် သတ်မှတ်ထားခြင်းဖြစ်သည်။
မိမိတို့ အနေဖြင့် တာဝန် ထမ်းဆောင်နေဆဲဖြစ်သည့် ဝန်ကြီးချုပ်တစ်ဦးကို အခွန်ရှောင်တိမ်းခွင့် ပြုမည်မဟုတ် ကြောင်း ဝီရော့ချ်က ပြောကြားခဲ့သည်။
ထိုစွပ်စွဲချက်ကို ပေတုန်တန်က မည်ကဲ့သို့ ဖြေရှင်းသွားမည်ကို လေ့လာသူများက စောင့်ကြည့်လျက်ရှိသည်။
Source: The Nation