CNI International News
နယူးဒေလီ၊ မတ်လ ၂၅
အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ကက်သူအာ (Kathua) ခရိုင်၏ တောအုပ်များအတွင်း ထိုးဖောက် ဝင်ရောက်လာသည့် အကြမ်းဖက်အဖွဲ့များကို ရှာဖွေသော စစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေကြောင်း The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ ညွန်ကြားရေးမှူးချုပ် နာလင် ပရာဘက် (Nalin Prabhat) ဦးဆောင်သည့် ထိုစစ်ဆင်ရေးတွင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် အကြမ်းဖက်သမားများ ပုန်းအောင်းနေသည်ဟု ယူဆရသော တောအုပ်တစ်ခု အတွင်း ကွန်မန်ဒိုများ၊ ဒရုန်းများနှင့် အနံ့ခံခွေးများ ထပ်မံဖြန့်ကျက် ချထားခဲ့သည်။
အထူးစစ်ဆင်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ တစ်ဖွဲ့သည် သတင်းရရှိခဲ့ပြီးနောက် ရှာဖွေရေးလုပ်ငန်းကို စတင်ခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်များက သတ်မှတ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ချိန်တွင် အကြမ်းဖက်သမားများနှင့် မိနစ် ၃၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
မတ်လ ၂၂ ရက်က လျှိုမြောင်လမ်းကြောင်း သို့မဟုတ် အသစ်ဖောက်လုပ်ထားသည့် ဥမင်လိုဏ်ခေါင်းမှတဆင့် ဝင်ရောက်လာခဲ့သည်ဟု ယူဆရသော အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရေးအတွက် ရှာဖွေရေးလုပ်ငန်းစဉ် အတွက် တပ်ကူများကို အလျင်အမြန် စေလွှတ်ခဲ့သည်။
ကနဦး ပစ်ခတ်မှုများတွင် ထိခိုက်သေဆုံးသူ မရှိခဲ့ဘဲ မတ်လ ၂၄ ရက် နံနက်အစောပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် နယ်မြေလုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျမူးနဲ့ကက်ရှ်မီးယား ဒေသအလှကို တွေ့ရစဉ်
ရရှိထားသည့် သတင်းများအရ မတ်လ ၂၂ ရက်တွင် အကြမ်းဖက်သမား ၅ ဦးမှ ၆ ဦးအထိ ပါဝင်သော အဖွဲ့ ၂ ဖွဲ့ သည် တောအုပ်များအတွင်း ဝင်ရောက်လာခဲ့သည်ကို သိခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုဒေသတွင် ထင်းခွေနေသည့် ရွာသူအချို့သည် ကျယ်ပြောလှသော စိုက်ခင်းတစ်ခုအတွင်း ခိုလှုံနေထိုင်ရန် ကြိုးပမ်းနေသော အကြမ်းဖက်သမား ၅ ဦးခန့်ကို တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ အပြန်အလှန် ပစ်ခတ်မှုကြောင့် လွင့်စင်လာသည့် ကျည်ဆံ တစ်ခုသည် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လက်မောင်းကို ထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့ သဖြင့် ထိုမိန်းကလေးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: The Hindu