CNI International News
အစ္စလာမ်မာဘက်၊ မေလ ၁၂
အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြား အဓိကပြဿနာ ၃ ခုဖြစ်သည့် ကက်ရှ်မီးယားဒေသအရေး၊ အကြမ်းဖက်မှုနှင့် အင်ဒူမြစ်ရေ စာချုပ်ကိစ္စတို့ကို ဆွေးနွေးမည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ် (Khawaja Asif) က ပြောကြားခဲ့သည်ဟု India Today မှ ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်ကြား နယ်စပ်ဖြတ်ကျော် ဒရုန်းတိုက်ခိုက်မှုများ၊ ဒုံးကျည်တိုက်ခိုက်မှုများဖြင့် စစ်ရေးအရ ၄ ရက်ကြာ ထိတ်တိုက် ရင်ဆိုင်ခဲ့ပြီးနောက် အဆစ်ဖ်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကစ္စတန်ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က “အဲဒီပြဿနာ ၃ ခုက အဓိကဆွေးနွေးရမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးဆီ ဦးတည်တဲ့ လမ်းကို ခင်းပေးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ လက်ခံကြိုဆိုရမယ့် အခြေအနေ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့နောက် အပစ်အခတ်ရပ်စဲရေး၏ ရလဒ်ကို ခန့်မှန်းရန် အချိန်စောလွန်းနေသေးသည်ဟု ၎င်းက ပြောသည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့် အနေဖြင့် အိန္ဒိယသည် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ(POK) တို့ရှိ နယ်စပ်ဒေသ တစ်လျှောက် အကြမ်းဖက်အဖွဲ့များ၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်ဖ်ကို တွေ့ရစဉ်
ထို့နောက် နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ မြင့်တက်ခဲ့သည်။
ပါကစ္စတန်ကမူ မေလ ၁၀ ရက်က ရရှိခဲ့သည့် သဘောတူညီချက်ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟု ရည်ညွှန်း ပြောဆိုနေချိန်တွင် အိန္ဒိယကမူ ရန်လိုမှုများကို ရပ်တန့်ရန် အကန့်အသတ်ရှိသည့် နားလည်မှုဟု ပြောကြားခဲ့သည်။
“အချိန်တွေ ကုန်လာတာနဲ့အမျှ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတွေ ထွက်ပေါ်လာနိုင်ပါတယ်”ဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်က ပြောသည်။
အိန္ဒိယ၏ ခေါင်းဆောင်များ အနေဖြင့်လည်း တစ်နေ့နေ့တွင် နိုင်ငံရေးအရ တွက်ချက်မှုများထက် ကျော်လွန်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေးလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း ၎င်းက ဆိုသည်။
နှစ်နိုင်ငံကြား အပြန်အလှန် လေးစားမှုနှင့် သာတူညီမျှမှုတို့အပေါ် အခြေခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု သည် တောင်အာရှ၏ အနာဂတ်အတွက် အရေးကြီးကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ သည်။
Source: India Today