CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာ အာမခံပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နစကဥက္ကဋ္ဌတို့သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း လျှောက်လှမ်းခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တည်ငြိမ်သင့် လျော်စွာဖြင့် ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်းကို ထောက်ခံအား ပေးကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောသည်။
၎င်းက “ တရုတ်-မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက် ၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသော စီမံကိန်းများ တည်ဆောက်မှုကို အဆက်မပြတ် တွန်းအား ပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်း များ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးရန်၊ ထို့နောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုးမြှင့် တိုက်ဖျက်သွားရန် မျှော်လင့်သည်” ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံသည် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ် (International System)နှင့် နိုင်ငံတကာဥပဒေ အပေါ် အခြေခံထားသော နိုင်ငံတကာစည်းမျဥ်းစည်းကမ်း (International Order)ကို အတူ ထိန်းသိမ်း ကာကွယ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တရားဝင် အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း သမ္မတရှီ က ထောက်ပြ ဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုအား တတ်စွမ်းသမျှ အာမခံပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးသုံးရပ်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်သည့် အတွေးအခေါ်အား လွန်စွာချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူလက်တွဲပြီး ဘုံစိန်ခေါ်မှုများအား ရင်ဆိုင် သွားရန် ဆန္ဒရှိကြောင်း” သမ္မတရှီကို ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအလေးထားပါကြောင်း၊ တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသော ချစ်ကြည်ရင်းနှီးထိုက်သော အိမ်နီးချင်းအဖြစ် ထာဝရလုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်ရေး၊ စွမ်းအင် စသည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်ရေးများ ပေါ်ပေါက်ကာ မြန်မာနိုင်ငံ တစ်ဝန်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေအတွင်း တရုတ်အစိုးရသည် မြန်မာ့တပ်မတော်နှင့် နစကကို ဘက်လိုက်၍ ကူညီနေသည်ဟု စွပ်စွဲခံနေရသလို မြန်မာ့တပ်မတော်ကို တိုက်ခိုက်ကာ မြို့များစွာကို သိမ်းပိုက်နေသည့် မြောက်ပိုင်းမဟာမိတ်(AA- TNLA-MNDAA)အား ကူညီနေသည်ဟု စွပ်စွဲခံနေရသည်။
ထို့ကြောင့် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးခွဲ တိုက်ခိုက်ခံရသလို ဆန့်ကျင် ဆန္ဒပြမှုများ ရင်ဆိုင်ခဲ့ရ ပြီးနောက် မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းများ၊ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ ဘေးကင်းလုံခြုံရေးအတွက် တရုတ်အစိုးရမှ စိုးရိမ်လျက်ရှိနေသည်။