CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာတွင် ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိခဲ့ကြောင်း နစက,က ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်၌ သတင်းထုတ်ပြန်ခဲ့ သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၅ ရက် ည ၁၁ နာရီခွဲက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ (၇၆)ရှိ သန်းထွေးအောင်(ခ)ခေါကြီး၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေစဉ် ၎င်းနှင့်အတူ မချောချောဦး(ခ)မစု၊ အောင်နိုင်ထွန်းဦးတို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့် ထည့်လျက် ဒေသ ကာလတန်ဖိုး ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ၎င်းတို့အား ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် ဖော်ထုတ် လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။